
ချဲလ်ဆီး အသင်းဟာ တမြန်နေ့ကပဲ အာဂျင်တိုင်းသားလူမျိုး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ တနှစ်ကြာ လက်တွဲခဲ့ပြီးနောက် ၂ဦး သဘောတူ တရားဝင် လမ်းခွဲကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ် ။ ဆုဖလား အောင်မြင်မှု မရခဲ့သည့်တိုင် ၊ ရာသီသိမ်း ကောင်းမွန်မှုကြောင့် ပိုချက်တီနို အခုလို ထွက်ခွာသွားတာဟာ ချဲလ်ဆီး ပရိသတ် တော်တော်များများကို အံ့အားသင့်စေခဲ့ပါတယ် ။
ချဲလ်ဆီး ကစားသမား အများစုဟာ ပိုချက်တီနို အပေါ် သဘောကျ နှစ်သက်ကြတာကြောင့် ဒီသတင်းဟာ ၎င်းတို့ကို ရှော့ခ်အကြီးအကျယ် ရစေခဲ့ပါတယ် ။ The Telegraph သတင်းဌာနရဲ့ အဆိုအရ ချဲလ်ဆီး အသင်းသားတွေ စုဝေးတဲ့ WhatsApp group chat မှာ ဒီသတင်းကြောင့် အကြီးအကျယ် စိတ်ပျက်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ် ။

ကစားသမားတွေဟာ ဘုန်းမောက်ကို ရာသီပိတ် ပွဲစဉ်မှာ အနိုင်ရအပြီး ပိုချက်တီနို တယောက် နောက်ဆုံး နှုတ်ဆက်သွားရတော့မှာကို အရိပ်အမြွက် တစက်မျှပင် မသိခဲ့ရကြောင်းနဲ့ ၎င်းတို့ရဲ့ အေးဂျင့်ဖြစ်သူတွေဟာ ယင်း Breaking News မှန်ကန်မှု ရှိမရှိပင် လိုက်လံစုံစမ်းပြီး အတည်ပြုခဲ့ရကြောင်း သိရပါတယ် ။
ချဲလ်ဆီး အသင်းသားတွေ ရာသီမသိမ်းခင် ရလဒ်ပိုင်း ဆက်တိုက် ကောင်းမွန်ခဲ့တာကြောင့် ၊ ဒါဟာ ပိုချက်တီနိုကို ရာထူးမှာ ဆက်မြဲစေဖို့ လုံလောက်မယ်လို့ ယူဆခဲ့ကြပါတယ် ။ ပိုချက်တီနို စင်တင်ပေးလို့ တောက်လျှောက် နေရာရခဲ့တဲ့ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ဟာ ၎င်းထွက်ခွာသွားခြင်းကို Tribute လုပ်ခဲ့တဲ့ ချဲလ်ဆီး စတားတွေထဲက တဦး ဖြစ်ခဲ့ပါတယ် ။
ဂျက်ဆင်က သူ့ရဲ့ ကိုယ်ပိုင် အင်စတာဂရမ်မှတဆင့် ‘ ခင်ဗျားကို ချစ်ပါတယ် ၊ နည်းပြကြီးရေ ။ ကျွန်တော်တို့ ဒီထက် အတူ ရှေ့ဆက်ဖို့ မျှော်လင့်ခဲ့တာပါ ။ ဒါပေမယ့် ဘုရားသခင်က ခင်ဗျားနဲ့ ခင်ဗျား မိသားစုကို ရှေ့ဆက် ကောင်းချီးပေးပါစေ ။ အကြံဉာဏ်တွေနဲ့ အားပေး ထောက်ခံခဲ့တာတွေ အတွက် ကျေးဇူးတင်ပါတယ် ။ ခင်ဗျားဟာ တကယ် စစ်မှန်တဲ့ ခြင်္သေ့ တကောင် ၊ ဖိုက်တာ တယောက်ပါ ။ အရာရာ အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ။ ‘ လို့ ရေးသားသွားခဲ့ပါတယ် ။

ပိုချက်တီနို လက်အောက်မှာ ပရီးမီးယားလိဂ် သွင်းဂိုး ပတ်သက်မှုပေါင်း ၃၄ကြိမ် အထိ ရှိခဲ့တဲ့ ကိုးလ်ပါလ်မာကလည်း ‘ ကျွန်တော့ အတွက် ၊ ကျွန်တော့ရဲ့ အိပ်မက်တွေအားလုံး အကောင်အထည် ဖော်ပေးခဲ့တာတွေနဲ့ အရာရာတိုင်း အတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ် ၊ နည်းပြကြီးရေ ။ အရာရာ အကောင်းဆုံး ဖြစ်ပါစေ ။ ‘ လို့ အင်စတာဂရမ်မှတဆင့် နှုတ်ဆက်သွားခဲ့ပါတယ် ။
ချဲလ်ဆီးရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား ဖြစ်တဲ့ မွိုက်ဆက်စ် ကိုင်စီဒိုကလည်း ‘ မစ္စတာ ၊ ခင်ဗျားနဲ့ အတူ အလုပ်လုပ်ခွင့် ရခဲ့တာ ဝမ်းမြောက်စရာပါ ။ အနာဂတ် အတွက် ခင်ဗျား အရာရာ အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ။ What a person and What a coach ‘ ဆိုပြီး ငိုကြွေးနေတဲ့ emoji နဲ့ အတူ နှုတ်ဆက်ခဲ့ပါတယ် ။
ပိုချက်တီနို လက်ထက် ချဲလ်ဆီး လူငယ် အသင်းမှာ အလုပ်လုပ်ခွင့် ရတဲ့ ကလပ် ဂန္တဝင်ဟောင်း ဂျွန်တယ်ရီကလည်း ထိုသတင်း အပေါ် အားမလို အားမရ ဖြစ်ခဲ့ပြီး ၊ ‘ နောက်မန်နေဂျာအသစ် မရောက်မချင်း ကစားသမားတွေကို ခေါ်ယူတာ ၊ ထုတ်ရောင်းတာ မလုပ်ဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ် ‘ လို့ စိတ်မကောင်းစွာ ရေးသားခဲ့ပါတယ် ။

လက်ရှိမှာ နည်းပြသစ် ရှာပုံတော် ဖွင့်နေရတဲ့ ချဲလ်ဆီး ရာထူး အပေါ် ဘရန်းဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ကတော့ စိတ်ဝင်စားမှု မရှိနေကြောင်း Daily Mail သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ် ။ လက်ရှိ ချဲလ်ဆီး နည်းပြ ရာထူး အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ နည်းပြ ၂ဦးက တန်းတက် လက်စတာ နည်းပြ အန်ဇို မာရက်စ်ကာနဲ့ အစ်စ်ဆွစ်ချ် နည်းပြ ကီရန် မက်ကန်နာတို့ ဖြစ်ကြောင်း သိရပါတယ် ။
SPORTS MYANMAR