Sports Myanmar

ချဲလ်ဆီးသို့ သွားရောက် လည်ပတ်ခဲ့ခြင်း အကြောင်း ရှင်းပြရင်း ၊ ပိုချက်တီနို ထွက်ခွာသွားတဲ့ အပေါ် ပွင့်ပွင့်လင်းလင်း မှတ်ချက်ပေးသွားတဲ့ ဖာဘရီဂတ်စ်

ချဲလ်ဆီးနဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း ဆက်စ်ဖာဘရီဂတ်စ်ဟာ ပြီးခဲ့တဲ့ အပတ်ကပဲ ကော့ဘ်ဟမ်း လေ့ကျင်ရေးကွင်းသို့ သွားရောက် လည်ပတ်ခဲ့ပြီး ၊ ရက်ပိုင်း အကြာမှာ ချဲလ်ဆီးကနေ ရုတ်တရက် ထွက်ခွာသွားတဲ့ နည်းပြ မော်ရစ်စီယို ပိုချက်တီနို ၊ ချဲလ်ဆီး အသင်းသားတွေထံ တွေ့ဆုံခဲ့ပါတယ် ။

BBC Sound အစီအစဉ်မှာ စီးရီးအေသို့ ပူပူနွေးနွေး တန်းတက်လာခဲ့တဲ့ ကော်မို အသင်းရဲ့ နည်းပြလည်းဖြစ် ၊ ပိုင်ရှင်လည်း ဖြစ်တဲ့ ဖာဘရီဂတ်စ်က သူလည်ပတ်ခဲ့စဉ်တုန်းက ပိုချက်တီနို ထွက်ခွာဖို့ အရိပ်အယောင် တစက်မှ မမြင်ခဲ့ရကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာပါတယ် ။

ဖာဘရီဂတ်စ် က ” တခါတလေမှာ ကိုယ် ကြိုမမြင်နိုင်တဲ့ အရာ အတွက် ထင်မြင်ယူဆချက် ပေးဖို့ ခက်ပါတယ် ။ ဒီမှာကြည့်ဗျာ ။ ကျွန်တော် ချဲလ်ဆီးကို ရောက်ခဲ့ပါသေးတယ် ။ ရယ်စရာတော့ နည်းနည်းကောင်းပေမယ့် ရှေ့တပတ်ကပဲ ကျွန်တော် လန်ဒန်ကို သွားခဲ့ပါတယ် ။ ”

” ပထမဆုံး အနေနဲ့ ကျွန်တော်ဟာ မော်ရစ်စီယိုနဲ့ ဆက်ဆံရေးကောင်း ရှိခဲ့ပါတယ် ။ ကျွန်တော်တို့ သူတို့နဲ့ ရင်ဆိုင်ခဲ့ရတုန်းက သူဟာ စိတ်သဘောထားကောင်းတဲ့ လူကြီးလူကောင်း တယောက်လို့ ကျွန်တော် အမြဲ ခံစားခဲ့ရပါတယ် ။ ”

” ကျွန်တော် သွားလည်ခဲ့တဲ့ အချိန် သူတို့ဟာ ၄ပွဲဆက် အနိုင်ရထားခဲ့တာပါ ။ ရာသီ မသိမ်းမီ ၂ရက်အလို ၊ ပြီးခဲ့တဲ့ သောကြာနေ့ကပေါ့ ။ ဒီတော့ အရာရာက ပျော်ရွှင်ဖွယ်ကောင်းခဲ့ပြီး ၊ လေ့ကျင့်ရေးကွင်းမှာ အားလုံး အေးအေးဆေးဆေးပါပဲ ။ နောက်ဆုံး အပိတ်ပွဲလည်း ဖြစ်တာကိုး ။ ”

” အဲဒီမှာ ကျွန်တော်လည်း ဝင်လာရော ၊ သူ ကျွန်တော့ကို နွေးနွေးထွေးထွေးပဲ ကြိုဆိုခဲ့ပါတယ် ။ ကျွန်တော် တနာရီခွဲလောက် နေခဲ့ပြီး ၊ သူ့ရုံးခန်းထဲမှာ ဘောလုံး အကြောင်း ဆွေးနွေးခဲ့တာပေါ့ဗျာ ။ နောက်ပြီး ကလပ်က ကျွန်တော်နဲ့ ရင်းနှီးတဲ့သူ တချို့နဲ့လည်း စကားပြောခဲ့ပါတယ် ။ တချို့ အသင်းဖော်ဟောင်းတွေလည်း ကျွန်တော် တွေ့ခဲ့ပါတယ် ။ ”

” ဒီတော့ ကျွန်တော် အဲဒီမှာ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းခဲ့ပါတယ် ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါမျိုး ဖြစ်လာမယ်လို့ ကျွန်တော် မခံစားခဲ့ရတာပါ ။ ဒီတိုင်း ကြည့်လိုက်ရင် အားလုံး အေးဆေးပဲ ဆိုတဲ့ ခံစားချက်မျိုးပဲ ကျွန်တော် ရခဲ့ပါတယ် ။ ဒါကြောင့် ဒီဆုံးဖြတ်ချက် အပေါ် ကျွန်တော် အံ့အားသင့်ခဲ့တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဖာဘရီဂတ်စ် က ပိုချက်တီနို ထွက်ခွာခဲ့ခြင်း အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ” သတင်းစာ ရှင်းလင်းပွဲက အပြုအမူတွေဟာ တခါတလေ ကိုယ့်ရဲ့ ခံစားချက် အပေါ် မူတည်တတ်ပါတယ် ။ ခင်ဗျား ဘယ်လို ခံစားရတယ် ၊ ကလပ် အတွင်း ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး ။ ဒီတော့ ဒီလို အခြေအနတွေကို အကဲဖြတ် ဝေဖန်ဖို့က တခါတလေ ခက်ခဲပါတယ် ။ ”

” ဒါပေမယ့် အသင်း ကစားပုံ အကြောင်း ပြန်ပြောရရင် ကစားသမားတွေ အကြား အချိတ်အဆက်နဲ့ ကစားကွက် ပုံဖော်ပုံတွေက ပိုပြီး ရှင်းရှင်းလင်းလင်း ရှိလာပြီလို့ ကျွန်တော် ခံစားခဲ့ရပါတယ် ။ သူတို့ဟာ ရာသီအစကလို နည်းစနစ်ပိုင်း အပြောင်းအလဲ အများကြီး မလုပ်တော့ပါဘူး ။ ”

” ကစားပုံ စတိုင်လ် ၊ ပွဲချဉ်းကပ်ပုံတွေမှာ သူတို့ တည်ငြိမ်မှု ရလာပြီလို့ ကျွန်တော် ပြောချင်တာပါ ။ ရလဒ်တွေ ကောင်းလာတယ် ၊ ကစားပုံ အတင်အချ ကောင်းလာတယ် ။ ပရိသတ်တွေကလည်း မော်ရစ်စီယို ၊ အသင်းသားတွေနဲ့ တသားတည်း ဖြစ်လာပုံ ပေါ်ခဲ့ပါတယ် ။ အခုတော့ ဘာတွေ ဆက်ဖြစ်မလဲပဲ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar