
အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ ယူရို ၂၀၂၄ ပြိုင်ပွဲ မတိုင်မီ လေ့ကျင့်ရေး ပဏာမ အကြို လူစာရင်းကို ထုတ်ပြန်ခဲ့ရာ ၊ ၎င်းရဲ့ ရွေးချယ်မှု တချို့က အနည်းနဲ့ အများ ဝေဖန် ထောက်ပြစရာတွေ ရှိခဲ့ပါတယ် ။
ချဲလ်ဆီး အသင်းမှ ကော်နာ ဂေါ်လဂါနဲ့ ကိုးလ်ပါလ်မာတို့ ၂ဦးတည်းသာ ထိုလူစာရင်းမှာ အရွေးခံခဲ့ရပြီး ၊ ရာဟင်း စတာလင် ၊ ရိစ်ဂျိမ်းစ် ၊ ဘန်ချေဝဲလ်နဲ့ လီဗိုင်း ကိုဝဲလ်တို့ကိုတော့ ဆောက်ဂိတ်မှ ချန်လှပ်ခဲ့ပါတယ် ။

အထူးသဖြင့် အစွန် နောက်ခံလူ ရှားပါးနေချိန် ကာလရှည် ဒဏ်ရာကနေ အသီးသီး ပြန်ကောင်းလာတဲ့ ဂျိမ်းစ်နဲ့ ချေဝဲလ်တို့ကို မျက်ကွယ်ပြုခဲ့တာက ဆောက်ဂိတ် အပေါ် အနည်းနဲ့ အများ ဝေဖန်စရာ ဖြစ်စေခဲ့ပါတယ် ။
အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်က ဂျိမ်းစ်ဟာ ၃ယောက်တန်း ခံစစ် နည်းစနစ်သို့ ပြောင်းလဲ အသုံးပြုချင်ရင် အသုံးအဝင်ဆုံး နောက်ခံလူ တဦး ဖြစ်တာကြောင့် အကြိုလူစာရင်းမှာ ၎င်းကို မရွေးခဲ့တဲ့ ဆောက်ဂိတ် အပေါ်လည်း နားမလည်နိုင်ကြောင်း Sky Sports နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ဝေဖန်သွားပါတယ် ။
မာဆင် က ” ကျွန်တော် ဒါကို နားမလည်ပါဘူး ။ သူဟာ အစွန် နောက်ခံလူ နေရာ အတွက် အကောင်းဆုံး ဖြေရှင်းချက် တခုပါပဲ ။ သူ ဒဏ်ရာ ရနေခဲ့တာ ကြာမှန်း ကျွန်တော် သိပါတယ် ။ ဒါပေမယ့် လုခ်ရှောကလည်း အချိန် အကြာကြီး နာနေခဲ့တာပဲလေ ။ ကျွန်တော် အတော်လေး ရှော့ခ်ရမိပါတယ် ။ ”

” ကိုင်လ်ဝေါ်ကာဟာ ညာနောက်ခံလူ နေရာမှာ ကစားပေမယ့် ၊ ခင်ဗျားသာ တခါတရံ ၃ယောက်တန်း ခံစစ် ကစားကွက် ပြောင်းသုံးချင်တယ်ဆိုရင် ရိစ်ဂျိမ်းစ်ကို ခေါ်လာရမှာပါ ။ ပိုကောင်းတဲ့ ပြိုင်ဖက်တွေနဲ့ဆို ခင်ဗျား ၃ယောက်တန်း ခံစစ် ကစားကွက် သုံးကောင်း သုံးရမှာပါ ။ ”
” ရိစ်ဂျိမ်းစ်ဟာ wing-back တွေထဲ အကောင်းဆုံး တဦး ဖြစ်ပြီး ၊ သူသာ ညာနောက်ခံလူ နေရာမှာ ကစားရင်လည်း ဝေါ်ကာကို ဗဟိုခံစစ် နေရာဆီ ခင်ဗျား ပို့လို့ရပါတယ် ။ ပြိုင်ဖက် အသင်းက အပြေးမြန်တဲ့ တိုက်စစ် ကစားသမား တယောက်ယောက် ပါလာရင် ခင်ဗျားမှာ သူ့ကို အပြိုင်လိုက်ဖို့ ခံစစ်မှာ ဝေါ်ကာ ရှိနေမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဂျိမ်းစ် မပါခဲ့ပေမယ့် ၊ ဆောက်ဂိတ်ဟာ လီဗာပူး နောက်ခံလူ အာနိုးကို ညာနောက်ခံ နေရာ အတွက်ရော ၊ ကွင်းလယ် အတွက်ပါ ရွေးချယ်ခဲ့ပြီး ၊ ပေါလ်မာဆင်ကတော့ ၎င်းဟာ တိုက်စစ် အတွက် အထောက်အပံံ့ ဖြစ်နေနိုင်ပေမယ့် ၊ ခံစစ်မှာတော့ ကမ္ဘာ့အဆင့် မရှိနေကြောင်း အခုလိုပဲ သုံးသပ်သွားပါတယ် ။

မာဆင် က ” ထရန့် အလက်ဇန်းဒါး အာနိုးကို ညာနောက်ခံ နေရာမှာ သုံးဖို့ကို ကျွန်တော် စနိုးစနှောင့် ဖြစ်နေပါတယ် ။ သူဟာ အရည်အချင်းရှိ ကစားသမား တယောက် ဖြစ်ပြီး ၊ သူ့ရဲ့ ဘောလုံး ပေးပို့ပုံက တခြားသူတွေနဲ့ ယှဉ်မရအောင် ကောင်းပါတယ် ။ ”
” အင်္ဂလန်မှာ သူဟာ အကောင်းဆုံး ဘောလုံး ပေးပို့သူ ဖြစ်ပေမယ့် ၊ နောက်ခံလူ တယောက် အနေနဲ့ ဆိုရင်တော့ သူဟာ နိုင်ငံတကာ အဆင့်မှာ ရှိနေတယ်လို့ ကျွန်တော် မထင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR