
ဂန်းနားဟောင်း ပေါလ်မာဆင် ကတော့ လောလောလတ်လတ် ပြီးဆုံးသွားတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲ အပြီးမှာ မန်စီးတီး ကွင်းလယ်လူ ရိုဒရီ ရဲ့ ပြောစကား ဟာ အာဆင်နယ် အသင်းသားတွေကို လာမယ့် နှစ်မှာ ချန်ပီယံဆုရယူဖို့ အတွက် တွန်းအားတစ်ရပ် ဖြစ်စေလိမ့်မယ်လို့ ပြောကြား လိုက်ပါတယ် ။
နောက်ဆုံး ပွဲစဉ် အပြီး လေးနှစ်ဆက် ချန်ပီယံ ဖြစ်လာချိန်မှာ ရိုဒရီ က အာဆင်နယ် အသင်းဟာ သူတို့ အိမ်ကွင်းမှာ လာရောက် ကစားချိန်မှာ အနိုင် ရလိုစိတ် လုံးဝ မရှိခဲ့ဘဲ သရေ တစ်မှတ်ကိုပဲ ဦးတည် ကစားခဲ့ကြောင်း နှင့် သူတို့ဟာ အနိုင်ရလိုစိတ် တစ်ခုထဲ ခေါင်းထဲတွေးပြီး ကစားတာကြောင့် အဆုံးသတ်မှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်တယ်လို့ ပြောကြား ခဲ့တာပါ ။

ပေါလ်မာဆင် က ရိုဒရီ ရဲ့ ပြောစကား အပေါ် Sky Sports မှာ ” ရိုဒရီ ရဲ့ ပြောစကား က အာဆင်နယ် အသင်းအတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ် ။ နွေရာသီ အားလပ်ရက် အပြီးမှာ အာဆင်နယ် အသင်းသားတွေ အားလုံး ‘ ငါတို့ မင်းကို သက်သေပြပြမယ် ‘ ဆိုတဲ့ စိတ်ဓတ်မျိုးနဲ့ ပြန်လာပါလိမ့်မယ် ။ ”
” ကျနော်ကတော့ ရိုဒရီ ပြောတာ မှားတယ်လို့ တွေးပါတယ် ။ အာဆင်နယ် က ဘာအမှားမှ မလုပ်ခဲ့တာဗျာ ၊ဗီလာ အသင်း နဲ့ ပွဲတစ်ပွဲပါပဲ ၊ သူတို့က တန်ပြန် တိုက်စစ် ကနေ ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ အသင်း ဖြစ်နေတာလည်း ပါတာပေါ့ဗျာ ။ မနှစ်က ဝက်စ်ဟမ်း ၊ ဆောက်သမ်တန် နဲ့ ပွဲမှာ ဖြစ်ခဲ့သလိုနဲ့ မတူပါဘူး ၊ ကျနော် သေချာပေါက် ပြောရဲပါတယ် ၊ ရာသီသစ် အတွက် ပြင်ဆင်တဲ့ ပထမဆုံးရက်မှာတင် အဲ့ဒီ အကြောင်း အဝတ်လဲခန်းထဲ ပြောကြပါလိမ့်မယ် ။ ”

” သူ ဘာလို့ အဲ့လိုပြောသလဲ ကျနော် မသိပါဘူး ၊ သူ ပြောတာ ကြမ်းလွန်းပါတယ် ။ အာဆင်နယ် က နှစ်သစ်ကူး မတိုင်ခင် ရလဒ်တွေ ဆိုးခဲ့ပေမယ့် ပြန်လာနိုင်ခဲ့ပြီး ပွဲတစ်ပွဲကပဲ သူတို့ကို ချန်ပီယံဆုနဲ့ လွဲသွားစေ ခဲ့တာပါ ၊ ရိုဒရီ ရဲ့ပြောစကား က အာတီတာ ရဲ့ အသင်းသားတွေ အပေါ် နှိုးဆော်မယ့် စကားထဲ ပါလာလိမ့်မယ်ဆိုတာ ၁၀၀ % ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM