
ရော်ဘီဖောင်လာက သူ့အနေနဲ့ ဒီနွေရာသီမှာ အလက်ဇန်းဒါးအီဆက်ကို လီဗာပူးထံ ပြောင်းလာတာကို မြင်ချင်တယ်လို့ ဆိုလိုက်ပြီး ဆွီဒင် ကြယ်ပွင့်ကို လီဗာပူး ပရိတ်သတ် အချစ်တော် ဆာဒီယိုမာနေးနဲ့ ခိုင်းနှိုင်းသွားခဲ့ပါတယ်။ ဒဏ်ရာကြောင့် ပရီးမီးယားလိဂ် ၁၀ ပွဲ လွဲချော်ခဲ့ပေမယ့်လည်း အီဆက် နယူးကာဆယ် အတွက် အထူး ခြေစွမ်းပြ ကစားခဲ့ပြီး ပြိုင်ပွဲစုံမှာ ၂၅ ဂိုး သွင်းယူပေးခဲ့ပါတယ်။
သို့ပေမယ့်လည်း နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့ အတွက် ဒီနွေရာသီမှာ ကလပ်ရဲ့ ကြယ်ပွင့်တစ်ဦးကို ရောင်းထုတ်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။ အီဆက်ဟာ စပါး အာဆင်နယ် အပါအဝင် ထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီး ၎င်းကို ခေါ်ယူနိုင်ရန် ပေါင်သန်း ၁၀၀ လောက် သုံးရနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေ ထွက်နေပါတယ်။
နယူးကာဆယ် မန်နေဂျာ အက်ဒီဟောင်းကတော့ အီဆက်ဟာ Not For Sale လို့ အကြိမ်ကြိမ် ပြောထားပေမယ့် နွေရာသီမှာ ဘာဖြစ်မလာမလဲဆိုတာ ကြည့်သွားရမှာ ဖြစ်ပါတယ်။ လီဗာပူး တိုက်စစ်မှုးဟောင်း ဖောင်လာ ကတော့ နွေရာသီမှာ လီဗာပူးတို့ တိုက်စစ်ပိုင်းကို ဘယ်လို အားဖြည့်သင့်သလဲဆိုတာ ပြောပြသွားခဲ့ပါတယ။်

ဖောင်လာက “လီဗာပူးဟာ အမြဲတမ်း ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ချို့နဲ့ ချိတ်ဆက်မှုက ရှိနေမှာ ဖြစ်ပါတယ်။ ဒါဟာ ကလပ်ရဲ့ ကြီးကြယ်မှုကြောင့် ဖြစ်ပါတယ်။ ကလပ်ဘက်က ပွဲတွေကို အပြောင်းအလဲ လုပ်ပေးနိုင်တဲ့ ဒီလို ကစားသမားတွေကို ရှာဖွေနေပါတယ်။ ပြီးခဲ့တဲ့ ၆ ပတ်အတွင်း လီဗာပူးဟာ ပွဲတွေကို အပြောင်းအလဲ လုပ်ပေးနိုင်တဲ့ ကစားသမား ၊ တိုက်စစ်ဆင်မှုက အလုပ်မဖြစ်တဲ့ အခါမှာ ပုံစံကွဲနဲ့ ပြိုင်ဘက်ကို ထိုးနှက်နိုင်တဲ့သူ လိုအပ်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။
မိုဟာမက်ကူဒက်စ်က ဒီလို လုပ်နိုင်လိမ့်မယ်လို့တော့ ကျနော် မထင်ပါဘူး။ သူဟာ ကလပ်ကို ပိုကောင်းအောင် လုပ်ပေးနိုင်မလား? သူဟာ squad ကို ပိုကောင်းစေမှာ ဖြစ်တဲ့အပြင် စိတ်လှုပ်ရှားစရာ ကစားသမား ဆိုတာကတော့ သံသယ ဖြစ်စရာ မရှိပါဘူး။ လီဗာပူးမှာ ကျနော် တကယ် မြင်ချင်တဲ့ ကစားသမား ၂ ဦး ရှိပါတယ်။ အီဆက် နဲ့ အိုလီဝက်ကင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဝက်ကင်းဟာ ဗီလာနဲ့ စာချုပ်သစ် ချုပ်ဆိုထားပါတယ်။
အီဆက်ကို ကြည့်ရင်းနဲ့ ကျနော် မာနေးကို သတိရမိပါတယ်။ သူဟာ လီဗာပူးနဲ့ အတော် အံဝင်မယ့်သူလို့ ကျနော် ထင်ပါတယ်။ လီဗာပူးဟာ မာနေးရဲ့ ကွက်လပ်ကို မဖြည့်နိုင်သေးပါဘူး။ ရိုးရိုးသားသား ပြောရရင် မာနေးလိုမျိုး စွမ်းရည်တွေ အီဆက်မှာ ရှိနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။