Sports Myanmar

အက်ဖ်အေဖလား ဖိုင်နယ် မတိုင်မီ တမ်ဟဂ်ရဲ့ အဆို တခုကို ထောက်ခံသွားတဲ့ ပက်ဂွာဒီယိုလာ

 

ယနေ့ည ဝင်ဘလေကွင်းမှာ မန်ချက်စတာ ဒါဘီ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ကျင်းပသွားဖို့ ရှိပြီး ၊ ရာသီပိတ် နောက်ဆုံးပိတ်ပွဲမှာ မန်စီးတီးရော ၊ မန်ယူနိုက်တက်ပါ ဒီဖလားကို ဆွတ်ခူးဖို့ အကြိတ်အနယ် ကြိုးပမ်းလာကြမှာ ဖြစ်ပါတယ် ။

ဒီပွဲမတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ မန်ယူနိုက်တက် နည်းပြ အဲရစ် တမ်ဟဂ်က ၎င်းတို့ ဒီရာသီ အထူး ရုန်းကန်ခဲ့ရခြင်းရဲ့ အဓိက အကြောင်းအရင်း တရပ်က ဒဏ်ရာ ပြဿနာ အများအပြား ရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်း တုန့်ပြန်ဖြေကြားခဲ့ပါတယ် ။ စီးတီး နည်းပြ ပက်ဂွာဒီယိုလာကလည်း မြို့ခံပြိုင်ဖက် နည်းပြရဲ့ ယင်းအဆိုကို အခုလိုပဲ ထောက်ခံသွားပါတယ် ။

ဂွာဒီယိုလာ က ” အသင်းကြီးတွေမှာ ခင်ဗျား အနိုင်မရရင် ဒုက္ခ အမြဲ ရောက်တတ်ပါတယ် ။ ဒါက လျှို့ဝှက်ချက် မဟုတ်ပါဘူး ။ ကျွန်တော်ဆိုလည်း ကိုယ့်အသင်း မနိုင်ခဲ့ရင် ဒုက္ခရမှာပါပဲ ။ သူဟာ အရမ်း အရမ်းကောင်းတဲ့ အရာတွေကို စွမ်းဆောင်ပြခဲ့တာပါ ။ အတိတ်မှာ သူ လုပ်ပြခဲ့တာတွေကို ကျွန်တော် လေးစားမှု ကြီးကြီးမားမား ထားပါတယ် ။ ”

” ဒီရာသီမှာ ဒဏ်ရာ ပြဿနာ အများကြီး ရှိခဲ့တာကြောင့် လူစုံတက်စုံ အချိန်တိုင်း ရှိမနေခဲ့ဘူးလို့ သူ ပြောခဲ့တာကို ကျွန်တော် ကြားခဲ့ရပါတယ် ။ ဒါကို ကျွန်တော် အပြည့်အဝ သဘောတူပါတယ် ။ ဒါကြောင့် သူတို့ ဒီလို ဖြစ်နေခဲ့တယ်လို့ တွေးသင့်ပါတယ် ။ ”

” ကစားသမားတွေဟာ ကြံ့ခိုင်မှု ပြည့်ရပါမယ် ။ ဒီလိုမှ မဟုတ်ရင် ခင်ဗျား သူတို့ကို သုံးလို့ မရနိုင်ပါဘူး ။ သူတို့မှာ ပြဿနာ များစွာ ရှိခဲ့ပြီး ၊ မန်နေဂျာက အများစုကို အဓိက ခံခဲ့ရပါတယ် ။ သူတို့ရဲ့ လူစာရင်းက တကယ်ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမယ့် ကစားသမားတွေ ဒဏ်ရာရနေတော့ ခင်ဗျား သူတို့ကို သုံးလို့ မရဘူးပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဂွာဒီယိုလာ က ယူနိုက်တက်တို့ ပရီးမီးယားလိဂ်မှာ အဆင့် ၈ နဲ့ သိမ်းခဲ့ရတဲ့ အပေါ် ” ကျွန်တော် အဲဒီမှာ ရှိနေတာ မဟုတ်ပါဘူး ။ ဘာကြောင့် ဒီလို ဖြစ်နေတယ် ဆိုတာကို သူတို့ သဘောပေါက်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ကျွန်တော့ အတွက်တော့ သူတို့ဆီမှာ ဒဏ်ရာ ပြဿနာတွေ အများကြီး ရှိနေပါတယ် ။ ”

” အကယ်၍ ကျွန်တော်သာ ဗဟိုခံစစ်မှူး အမြောက်အမြား ဆုံးရှုံးရရင် ကျွန်တော်လည်း ဒုက္ခရောက်မှာပါပဲ ။ ဒါက လက်တွေ့ အနေအထားလို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ အဆုံးမှာတော့ ဂွာဒီယိုလာက သရဲနီတွေကို အက်ဖ်အေဖလား ဖိုင်နယ်မှာ ၂ကြိမ်ဆက် အနိုင်ယူဖို့ အခွင့်အရေး ရှိနေခြင်း အပေါ် အခုလို မှတ်ချက်ပြုသွားပါတယ် ။

ဂွာဒီယိုလာ က ” ဒါက ဘောလုံးပါ ။ ( ဒါဘီဖိုင်နယ် ၂ကြိမ်ဆက် အနိုင်ရခြင်း ) ဒါက ကျွန်တော်တို့ သမိုင်းကြောင်းမှာ တခါမှ မဖြစ်ခဲ့ဖူးပါဘူး ။ ယူနိုက်တက်ကို ကျွန်တော်တို့ လေးစားပါတယ် ။ အထူးသဖြင့် သူတို့ရဲ့ အောင်မြင်မှု သမိုင်းကြောင်းပါ ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်ထဲမှာတော့ ကျွန်တော်တို့ ပိုကောင်းခဲ့တာပေါ့ဗျာ ။ ”

” ဒါပေမယ့် ကလပ် သမိုင်းကြောင်းအရတော့ ခင်ဗျား အနေနဲ့ သူတို့ကို လေးစားမှု ကြီးကြီးမားမား ထားရပါမယ် ။ အခု လက်ရှိ သူတို့ အသင်းမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာတော့ ကျွန်တော်လည်း အဲဒီမှာ ရှိမနေတော့ မသိပါဘူး ။ အက်ဖ်အေဖလား ဖိုင်နယ်မှာ သူတို့ကို ၂နှစ်ဆက် အနိုင်ယူဖို့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါတယ် ။ ”

” ဒါက ရာသီသိမ်း နောက်ဆုံးပွဲပါ ။ ကျွန်တော်တို့ အဲဒီကို ခရီးထွက်ကြပါမယ် ။ ရက်အနည်းငယ် အနားရခဲ့ပြီးနောက် ကျွန်တော်တို့ရဲ့ လေ့ကျင့်ပုံကို ကျွန်တော် အားရမိပါတယ် ။ လူတိုင်း ဒီပွဲအတွက် စိတ်အပြည့်နှစ်ထားပါတယ် ။ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar