
ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အာဂျင်တိုင်းသား နည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ လမ်းခွဲကြောင်း တရားဝင် အတည်ပြုခဲ့သလို ၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာလည်း ယနေ့ည အက်ဖ်အေဖလား ဖိုင်နယ်မှ မည်သည့်ရလဒ်မျိုး ထွက်လာရင်ပဲဖြစ်ဖြစ် လက်ရှိ နည်းပြ အဲရစ် တမ်ဟဂ်ကို ရာထူးက ထုတ်ပယ်ဖို့ ရှိနေပါတယ် ။
ဒီအတွက်ကြောင့် ယင်းပရီးမီးယားလိဂ် အင်အားကြီး ကလပ် ၂သင်းလုံးဟာ ဒီနွေတတွင်းမှာ နည်းပြသစ် တဦးကို အပြိုင်အဆိုင် ရှာဖွေကြမှာ ဖြစ်ပြီး ၊ ချဲလ်ဆီးကတော့ လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်း နည်းပြသစ် တရားဝင် ခန့်အပ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ် ။

မန်ယူနိုက်တက်ကတော့ ချဲလ်ဆီးထက်စာရင် ဘယ်လိုပုံစံ နည်းပြမျိုး ပိုပြီး သဘောကျ နှစ်သက်မှု ရှိသလဲ ယခုအချိန်မှာ မသိရသေးတာကြောင့် ၊ ၎င်းတို့နဲ့ သတင်းထွက်နေတဲ့ နည်းပြ အရေအတွက်က ပိုမိုများပြားနေပြီး ၊ ချဲလ်ဆီး နည်းပြဟောင်းတွေ ဖြစ်ကြတဲ့ သောမတ်စ် တူချယ် ၊ ဂရေဟမ် ပေါ်တာနဲ့ ပိုချက်တီနိုတို့လည်း ထိုအထဲမှာ ပါဝင်နေပါတယ် ။
အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်ကတော့ ပိုချက်တီနို ထွက်ခွာခွင့် ပေးဖို့ ဆုံးဖြတ်ချက်ခဲ့တဲ့ ချဲလ်ဆီးရဲ့ လုပ်ရပ် အပေါ် ဆက်လက် ဝေဖန်မှု လုပ်သွားခဲ့ကာ ၊ သရဲနီတို့ ပိုချက်တီနိုကို တမ်ဟဂ် နေရာမှာ ခန့်အပ်သွားမယ် ဆိုရင် သူ့အနေနဲ့ အံ့သြမှာ မဟုတ်ကြောင်း Sportskeeda နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။
မာဆင် က ” မော်ရစ်စီယို ပိုချက်တီနိုနဲ့ လမ်းခွဲဖို့ ချဲလ်ဆီးတို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းအရာဟာ အတော်လေး ပြောစရာ ဖြစ်ခဲ့ပါတယ် ။ ပိုင်ရှင်သစ်တွေ ရောက်လာကတည်းက ချဲလ်ဆီးရဲ့ နောက်ကွယ် ဖြစ်စဉ်တွေမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ကျွန်တော်လည်း မသိတော့ပါဘူး ။ ”

” ပိုချက်တီနို နေရာ အစားထိုးမယ့် နည်းပြတွေရဲ့ နာမည်တွေကို ကြားရတာ တကယ်ကို ရူးလောက်စရာကောင်းပါတယ် ။ အဲဒီ ကလပ်မှာ ဘာတွေ ဖြစ်နေတာလဲ ? သူဟာ မလိုချင်တဲ့ ကစားသမားအုပ်ထဲ ပစ်ထည့်ခြင်း ခံခဲ့ရပါတယ် ။ အဲဒီထဲမှာ တချို့က ပင်နယ်တီ အတွက်တောင် လုယက်နေကြ ၊ ဂိုးသွင်းပြီးရင်တောင် တူတူ အောင်ပွဲမခံကြတာပါ ။ ”
” နောက်ပြီး ခင်ဗျားကို သတိထပ်ပေးရရင် ချဲလ်ဆီးဟာ ဒဏ်ရာ ပြဿနာတွေရဲ့ အထုအထောင်းကို ခံခဲ့ရတာပါ ။ ဒီတော့ ချဲလ်ဆီးကို ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာနဲ့ အဆုံးသတ်စေခဲ့တဲ့ ပိုချက်တီနိုရဲ့ စွမ်းဆောင်ရည်က သင့်တင့်မျှတမှု ရှိတယ်လို့ ကျွန်တော် ခံစားခဲ့ရပါတယ် ။ ”
” အခုထိတော့ သူတို့ ဘယ်နည်းပြသစ် ခန့်မယ်ဆိုတာ စောင့်ကြည့်ရပါဦးမယ် ။ ဒါပေမယ့် သူ ချဲလ်ဆီးက ထွက်သွားတာကို မြင်ရတာ ကျွန်တော်ဖြင့် ရှော့ခ်ရခဲ့မိပါတယ် ။ သူတို့ ( မန်ယူနိုက်တက် ) ဟာ အဲရစ် တမ်ဟဂ်နဲ့ ပတ်သက်ပြီး တနင်္လာနေ့ကျရင် ဆုံးဖြတ်ချက် ချရပါမယ် ။ နောက်ခြေလှမ်းတွေ အတွက် သူတို့ စဉ်းစားရပါမယ် ။ ”

” ရုတ်တရက်ဆိုသလိုပဲ ပိုချက်တီနိုက အသင်းလက်မဲ့ ဖြစ်နေပါပြီ ။ INEOS က သူ့ကို နိုက်စ်မှာတုန်းက အလိုရှိခဲ့ဖူးပါတယ် ။ ဘယ်လို အဆုံးသတ်လာမလဲ ဆိုတာ ကျွန်တော် မသိပေမယ့် ၊ သူတို့ သူ့ကို လျင်လျင်မြန်မြန် ခေါ်ယူ ခန့်အပ်ခဲ့မယ်ဆိုရင် ကျွန်တော် ရှော့ခ်ရမိမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR