Sports Myanmar

အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပြီးနောက် သူ့အမှား တခုကို ထုတ်ဖော်ဝန်ခံလာတဲ့ ပက်ဂွာဒီယိုလာ

 

မန်စီးတီး အသင်းဟာ ယမန်နေ့ညက ကစားသွားတဲ့ ရာသီပိတ် နောက်ဆုံး ရှုံးထွက်ဖလား ဗိုလ်လုပွဲ ဖြစ်တဲ့ အက်ဖ်အေဖလား ဖိုင်နယ်မှာ မြို့ခံပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် အသင်းကို ပထမပိုင်းမှာ ပေးခဲ့ရတဲ့ ဂိုးတွေကြောင့် ၂ – ၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရပါတယ် ။

ဒီပွဲမှာ စီးတီး နည်းပြ ပက်ဂွာဒီယိုလာရဲ့ နည်းစနစ်နဲ့ ပွဲထွက်စာရင်း ချဉ်းကပ်ပုံက အနည်းငယ် မေးခွန်းထုတ်စရာ ရှိခဲ့ပေမယ့် ၊ မန်ယူနိုက်တက် နည်းပြ အဲရစ် တမ်ဟဂ်ရဲ့ တန်ပြန် ခုခံတဲ့ နည်းစနစ် အပြင် လူပြန်စုံလာခြင်းက ဒီဗိုလ်လုပွဲမှာ စီးတီးတို့ကို ၂နှစ်ဆက် အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ဖို့ အရေးကနေ သွေဖယ်စေခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာလည်း ပက်ဂွာဒီယိုလာ ကိုယ်တိုင်က သူ့ရဲ့ ပွဲချဉ်းကပ်ပုံ မှားယွင်းခဲ့ကြောင်း ထုတ်ဖော်ဝန်ခံရင်း ၊ ထိုအတွက်ကြောင့် ပထမပိုင်း တပိုင်းလုံး ယူနိုက်တက် ခံစစ်ကို ဘာဒုက္ခမှ မပေးနိုင်ခဲ့ကြောင်း အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

ဂွာဒီယိုလာ က ” ပထမပိုင်းက ကျွန်တော့ရဲ့ ပွဲချဉ်းကပ်ပုံက မကောင်းခဲ့ဘူးလို့ ထင်ပါတယ် ။ ဒုတိယပိုင်းတော့ အများကြီး ပိုကောင်းလာခဲ့ပါတယ် ။ ကျွန်တော်တို့ရဲ့ ကစားအား ပိုပြင်းထန်ခဲ့ပြီး ၊ ၂ – ၀ နဲ့လည်း ရှုံးနေခဲ့တာကြောင့် ခင်ဗျားမှာ ဘာမှ ထပ်ပြီး ဆုံးရှုံးစရာ မရှိတော့ဘူးဆိုတဲ့ သဘောနဲ့ ရှေ့တိုးကစားရပါတယ် ။ ”

” ဒါက ဝေခွဲရ ခက်တဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ် ။ ကျွန်တော်တို့ အဖွင့်ဂိုးကို လက်လွတ်စပယ် ပေးခဲ့ရပြီး ၊ အဲဒီနောက် ဒုတိယဂိုး မတိုင်ခင် ပြိုင်ဖက်ရဲ့ တန်ပြန်တိုက်စစ်ကိုလည်း ကျွန်တော်တို့ သေသေချာချာ မပိတ်ဆို့နိုင်ခဲ့ပါဘူး ။ ”

” ဒါပေမယ့် ဒုတိယဂိုး အတွက် ယူနိုက်တက်ကို သူတို့မှာ ရှိတဲ့ အရည်အသွေး အတွက် ချီးကျူးရပါမယ် ။ ကျွန်တော့ ဆုံးဖြတ်ချက်ကြောင့် ကျွန်တော်တို့ဟာ ပထမပိုင်းမှာ သူတို့ကို ဖိဖိစီးစီး မတိုက်နိုင်ခဲ့ပါဘူး ။ ဒါက ကျွန်တော့ရဲ့ အမှားပါ ။ ”

” ပွဲချဉ်းကပ်ပုံက မကောင်းခဲ့ပါဘူး ။ ဒီနေ့က စိတ်ပျက်စရာပါပဲ ။ ဒါက ဖြစ်တတ်ပါတယ် ။ အသင်းတွေဟာ ဗိုလ်လုပွဲတွေကို ရှုံးတတ်ကြပါတယ် ။ ဒါပေမယ့် ဒီရာသီက သာမန်ထက် ထူးကဲပြီးသားပါ ။ ဆုဖလားတွေ အတွက် တောက်လျှောက် တိုက်ပွဲဝင်လာခဲ့ပါတယ် ။ ကျွန်တော်တို့ အနားယူပြီး နောက်ရာသီ ပြန်လာပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

စီးတီးဟာ ဒီမတိုင်ခင်က အာဆင်နယ်ကို ရာသီပိတ် ပွဲစဉ် အထိ ယှဉ်ကစားကာ ၊ ၂မှတ် အသာနဲ့ ၄နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ၊ ဒီရာသီဟာ ၎င်းတို့ရဲ့ အားအနည်းဆုံး ရာသီလို့ တနည်းတဖုံ ယူဆရမှာ ဖြစ်ပါတယ် ။ သို့ပေမယ့် ပက်ကတော့ သူတို့ အဓိက ပြိုင်ပွဲ ၃ခုမှာ အကောင်းဆုံး တိုက်ပွဲဝင်ခဲ့ခြင်း ၊ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့ခြင်း အတွက် ဂုဏ်ယူရမှာ ဖြစ်ကြောင်း အခုလို ဖွင့်ဟလာပါတယ် ။

ဂွာဒီယိုလာ က ” ဟုတ်ပါတယ် ။ ဗိုလ်လုပွဲ ရှုံးနိမ့်တဲ့အခါ ခင်ဗျား အမှန်တကယ် စိတ်ပျက်ရပါတယ် ။ ဒါပေမယ့် ဒီတပတ်မှာ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် အောင်ပွဲခံခဲ့ပါတယ် ။ ပရီးမီးယားလိဂ်မှာ ဖြတ်သန်းခဲ့ရတဲ့ ခရီး အားလုံး အတွက်ပေါ့ ။ ”

” ၉၁မှတ် ရတာက ကျွန်တော်တို့ ရမှတ်များစွာ ဆွတ်ခူးနိုင်ခဲ့ခြင်းကို ဖော်ဆောင်ပြီး ၊ ဒါက အရမ်း အရမ်း ကောင်းခဲ့ပါတယ် ။ ကျွန်တော်တို့ အနေနဲ့ ဒီအပေါ် ဂုဏ်ယူရမှာ ဖြစ်သလို ၊ ကိုယ်စွမ်းဆောင်နိုင်ခဲ့တာတွေ အတွက် အောင်ပွဲခံရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar