Sports Myanmar

ယူရို ၂၀၂၄ အတွက် မိုက်ကယ် အိုဝင်ရဲ့ စိတ်ကြိုက် အင်္ဂလန် ပွဲထွက်စာရင်း

ဆာကာ ၊ ရက်ရှ်ဖို့ဒ် ၊ ဂရီးလစ်ရှ်တို့ မပါဝင်တဲ့ ယူရို ၂၀၂၄ အတွက် မိုက်ကယ် အိုဝင်ရဲ့ စိတ်ကြိုက် အင်္ဂလန် လက်ရွေးစင် ပွဲထွက်စာရင်း

လာမယ့် ဇွန်လ အလယ်မှာ ယူရို ၂၀၂၄ ပြိုင်ပွဲကြီး စတင် ကျင်းပတော့မှာ ဖြစ်ပြီး ၊ ပါဝင် ယှဉ်ပြိုင်ခွင့် ရထားတဲ့ အသင်းတွေ အနေနဲ့ ဇွန်လ ၇ရက်နေ့ နောက်ဆုံးထားကာ ၊ အပြီးသတ် လက်ရွေးစင် ကစားသမား စာရင်း တင်သွင်းရတော့မှာ ဖြစ်ပါတယ် ။

နာမည်ကြီး အင်္ဂလန်ကတော့ Training Camp အတွက် ၃၃ဦး ပါဝင်တဲ့ ပဏာမ လူစာရင်းကို ထုတ်ပြန်ထားပြီး ဖြစ်ရာ ၊ ထိုအထဲမှာ လက်ရွေးစင် အဆင့် ပွဲများစွာ ကစားခဲ့ဖူးတဲ့ ချဲလ်ဆီး တောင်ပံကစားသမား ရာဟင်း စတာလင် ၊ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ၊ လီဗာပူး ကွင်းလယ်လူဟောင်း ဂျော်ဒန် ဟန်ဒါဆန်တို့ ပါဝင်ခဲ့ခြင်း မရှိပါဘူး ။

ရက်သတ္တပတ် ၂ပတ်ကျော်ကျော် အချိန်ရသေးပေမယ့် ၊ အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ အဆိုပါ ၃၃ဦးသော ပဏာမစာရင်းထဲကပဲ အပြီးသတ် စာရင်းကို ထုတ်ရွေးသွားဖို့ များပြီး ၊ ဒဏ်ရာ ပြဿနာ ဆိုးဆိုးရွားရွား မရှိမှသာ စာရင်းထဲ မပါထားတဲ့ ကစားသမားတွေ အဖို့ အခွင့်အရေး ရနိုင်မှာ ဖြစ်ပါတယ် ။

လက်ရှိ အင်္ဂလန် အသင်းဟာ တိုက်စစ်ပိုင်းမှာ အတော်လေး ရွေးချယ်ရခက်လောက်တဲ့ အထိ ကစားသမားကောင်း မြောက်မြားစွာ ပိုင်ဆိုင်ထားတာကြောင့် ၊ ပွဲထွက် တိုက်စစ် အတွဲကို ဆောက်ဂိတ် အနေနဲ့ ခေါင်းအေးအေးထားပြီး စဉ်းစား ရွေးချယ်ရဖို့ ရှိပါတယ် ။

လီဗာပူး ဂန္တဝင် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ အာဆင်နယ် စတား ဘူကာယို ဆာကာ ၊ မန်စီးတီး စတား ဂျက်ဂရီးလစ်ရှ်တို့ကို သူ့စိတ်ကြိုက် ပွဲထွက်စာရင်းမှာ မထည့်သွင်းခဲ့ပဲ ဘယ်တောင်ပံနဲ့ ညာတောင်ပံမှာ နယူးကာဆယ် ကြယ်ပွင့် အန်သိုနီ ဂေါ်ဒွန် ၊ ချဲလ်ဆီး ကြယ်ပွင့် ကိုးလ်ပါလ်မာတို့ကို ရွေးချယ်သွားခဲ့ပါတယ် ။

TNT Sports နဲ့ တွေ့ဆုံရာမှာ အိုဝင် က ” ရှင်းရှင်းပြောရရင် ခင်ဗျားဟာ တိုက်စစ်ပိုင်း ရွေးချယ်မှုမှာ ကြိုက်သလို အလှည့်အပြောင်း လုပ်လို့ ရနိုင်ပါတယ် ။ ပြိုင်ပွဲ တလျှောက်မှာလည်း ဒါမျိုး ခင်ဗျား လုပ်ကို လုပ်ရပါလိမ့်မယ် ။ ”

” ညာတောင်ပံမှာ ဘူကာယို ဆာကာ ၊ ဘယ်တောင်ပံမှာ ကိုးလ်ပါလ်မာကို ခင်ဗျား ထည့်သုံးနိုင်ပါတယ် ။ ကျွန်တော်ကတော့ ပါလ်မာနဲ့ ဖိုဒန် အတွက် တနေရာစီ ရှာပေးရပါမယ် ။ ဒါက ကျွန်တော် ဖြစ်စေချင်တဲ့ ပွဲထွက်စာရင်းပါ ။ ဒီအသင်းက အချိန်မရွေး ပြောင်းလဲနိုင်ပါတယ် ။ ”

” ဒါပေမယ့် ပြောင်းလဲနိုင်ရင်လည်း ကစားသမား ၂ယောက် ၊ ၃ယောက်လောက်ပဲ ပြောင်းပေးနိုင်ပါလိမ့်မယ် ။ သူတို့ဟာ အပြီးသတ် ၂၆ယောက် ကစားသမားစာရင်းကို ယူဆောင်သွားရမှာ ဖြစ်ပေမယ့် ၊ အဲဒီထဲက အနည်းငယ်ပဲ ပွဲထွက်စာရင်းကို ပြောင်းလဲပေးနိုင်မယ်လို့ ကျွန်တော် မြင်မိပါတယ် ။ ”

” လူတွေက အန်သိုနီ ဂေါ်ဒွန်က ပွဲထွက်စာရင်း အဆင့် မရှိသေးဘူးလို့ ငြင်းခုံကြပါလိမ့်မယ် ။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ရဲ့ အပြေးအားကို ဒီနေရာမှာ အသုံးချဖို့ မျက်စိကျမိပါတယ် ။ မတူညီတဲ့ ရွေးချယ်စရာတွေ အများကြီး ရှိပေမယ့် ၊ ဒီလူစာရင်းဟာ ကျွန်တော် သုံးဖြစ်ဖို့ များတဲ့ ပွဲထွက်စာရင်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဂိုးသမား – ဂျော်ဒန် ပစ်ဖို့ဒ်
နောက်တန်း – လုခ်ရှော ၊ ဟယ်ရီ မက်ဂွိုင်းယား ၊ ဂျွန်စတုန်း ၊ ကိုင်လ်ဝေါ်ကာ
ကွင်းလယ် – ဒက်ကလန်ရိုက်စ် ၊ ဂျုဒ်ဘယ်လင်ဂမ် ၊ ဖီးလ်ဖိုဒန်
တိုက်စစ် – အန်သိုနီ ဂေါ်ဒွန် ၊ ဟယ်ရီကိန်း ၊ ကိုးလ်ပါလ်မာ

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar