
ချဲလ်ဆီး အသင်းဟာ သိပ်မကြာခင်ကပဲ အာဂျင်တိုင်းသား နည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ ၂ဦး၂ဖက် သဘောတူ လမ်းခွဲကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ် ။ ပိုချက်တီနိုဟာ ချဲလ်ဆီးနဲ့ တနှစ် စာချုပ် ကျန်နေခဲ့သော်လည်း ၊ အယူအဆ အတွေးအခေါ် ်မတူညီမှုတွေကြောင့် အခုလို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ။
ချဲလ်ဆီး ပိုင်ရှင်တွေဟာ ပိုချက်တီနိုကို Top 4 အနိမ့်ဆုံး စွမ်းဆောင်ပေးဖို့ မျှော်မှန်းခဲ့ပုံ ရပြီး ၊ ဒဏ်ရာ ပြဿနာ များနေခဲ့ခြင်း ၊ Training လေ့ကျင့်မှု ပြင်းထန်လွန်းခြင်း ၊ တည်ကန်ဘောတွေကနေ ဂိုးတွေ မကြာခဏ ခွင့်ပြုရခြင်း ၊ တည်ငြိမ်မှု တရပ်ကို မစွမ်းဆောင်နိုင်ခြင်းတွေကြောင့် ထုတ်ပယ်ဖို့ ကနဦးကတည်းက စီစဉ်ခဲ့တာ ဖြစ်ပါတယ် ။

ရာသီသိမ်း အပြီး Season Review ရှင်းတဲ့အခါမှာတော့ ပိုချက်တီနိုကို ချဲလ်ဆီးမှာ ဆက်ထားဖို့ ညှိနှိုင်း မရခဲ့တာကြောင့် လူကြီးလူကောင်း ပီပီသသနဲ့ တဦးအပေါ် တဦး လေးစားစွာ လမ်းခွဲခြင်းနဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ် ။
ချဲလ်ဆီး ဂန္တဝင် တောင်ပံကစားသမားဟောင်း အီဒင် ဟာဇက်ကတော့ ပိုချက်တီနို အခုလိုမျိုး အချိန်ထပ်ပေးခြင်း မခံရပဲ ၊ တနှစ်အပြီးမှာ ထွက်ခွာသွားခဲ့ရတဲ့ အပေါ် စိတ်မကောင်း ဖြစ်မိကြောင်း မက္ကဆီသို့ ရောက်ရှိနေစဉ် Talksport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။
ဟာဇက် က ” ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် နည်းနည်းတော့ ဝမ်းနည်းခဲ့မိပါတယ် ။ သူဟာ ချဲလ်ဆီးမှာ ကောင်းကောင်းမွန်မွန် စွမ်းဆောင်ပြခဲ့တယ်လို့ ထင်ပါတယ် ။ ချဲလ်ဆီးက တာဝန်ရှိသူတွေဟာ Top 4 လိုချင်ခဲ့တာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် ဒါက အလှည့်အပြောင်း ရာသီ တခုပါ ။ ”

” သူဟာ ကြီးကျယ်တဲ့ မန်နေဂျာ တဦး ဖြစ်ပါတယ် ။ သူ့အတွက် ကံကောင်းပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ် ။ အနာဂတ်မှာ ဘယ်သူက ချဲလ်ဆီး နည်းပြသစ် ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
အခုအခါမှာတော့ ချဲလ်ဆီးဟာ နည်းပြသစ် ရှာပုံတော် ဖွင့်နေပြီး ၊ မကြာခင် ရက်သတ္တပတ် အနည်းငယ် အတွင်း နည်းပြသစ် ခန့်အပ်နိုင်ဖို့ အရေးကိုလည်း ဖိဖိစီးစီး ကြိုးပမ်းလျက် ရှိပါတယ် ။ လက်ရှိမှာတော့ လက်စတာကို ချန်ပီယံရှစ်မှာ အဆင့် ၁ ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အီတလီလူမျိုး နည်းပြ အန်ဇို မာရက်စ်ကာက ချဲလ်ဆီး နည်းပြသစ် ဖြစ်လာဖို့ ထိပ်ဆုံးက ရေပန်းစားနေတာကို တွေ့ရပါတယ် ။
အခြားသော အီတလီသား တဦး ဖြစ်တဲ့ ဘရိုက်တန် နည်းပြဟောင်း ရော်ဘတ်တို ဒီဇာဘီဟာလည်း ချဲလ်ဆီးနဲ့ သတင်းတွေ ထွက်နေပေမယ့် ၊ ဘုတ်အဖွဲ့ရဲ့ နှစ်ခြိုက်မှုကိုတော့ ကြီးကြီးမားမား မရထားပါဘူး ။ ဒီဇာဘီ ချဲလ်ဆီး နည်းပြသစ် ဖြစ်လာနိုင်သလားလို့ ဟာဇက် တယောက် အမေးခံခဲ့ရပါတယ် ။

ယင်းဘယ်လ်ဂျီယမ်သားကတော့ ဒီဇာဘီထက် သူ့အသင်းဖော်ဟောင်းလည်းဖြစ် ၊ ချဲလ်ဆီး ကွင်းလယ်လူဟောင်းလည်း ဖြစ်ဖူးတဲ့ ၊ စီးရီးအေသို့ တန်းတက်အောင် စွမ်းဆောင်ပေးထားတဲ့ ကော်မို နည်းပြ ဆက်စ် ဖာဘရီဂတ်စ်ကို ချဲလ်ဆီး နည်းပြသစ် ဖြစ်လာစေချင်ကြောင်း တုန့်ပြန်ဖြေကြားခဲ့ပါတယ် ။
ဟာဇက် က ” ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ( မျက်စိ တဖက်မှိတ်လျက် ) ကော်မို အသင်းမှာလည်း ကျွန်တော့ မိတ်ဆွေ တဦး ရှိပါသေးတယ် ။ သူလည်း ချဲလ်ဆီး မန်နေဂျာသစ် ဖြစ်နိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR