
ချဲလ်ဆီး အသင်းဟာ ၎င်းတို့ရဲ့ နည်းပြသစ် အဖြစ် မနေ့ကပဲ လက်စတာ နည်းပြ အန်ဇို မာရက်စ်ကာကို နှစ်ရှည် စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း နာမည်ကြီး အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုလာပါတယ် ။
ဒါဟာ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနိုနဲ့ လမ်းခွဲထားတာ တပတ်သာသာပဲ ရှိသေးတဲ့ အချိန် ခြင်္သေ့ပြာတို့ အနာဂတ် စီမံကိန်း အတွက် နည်းပြသစ် တဦးကို လျင်လျင်မြန်မြန်ပဲ ရှာဖွေနိုင်လိုက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ဒီတကြိမ် နည်းပြသစ် ခန့်အပ်မှုကို ချဲလ်ဆီး ပရိသတ် အများစုကတော့ လုံးဝ စိတ်ပျက်နေကြတာကို တွေ့ရပါတယ် ။

မာရက်စ်ကာဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံရှစ်မှာ လက်စတာကို အဆင့် ၁ နေရာနဲ့ ပန်းဝင်စေခဲ့ကာ ၊ ပရီးမီးယားလိဂ်သို့ ပို့ဆောင်ပေးထားသည့်တိုင် ယင်းအီတလီသားဟာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတာက လွဲရင် ၊ ဥရောပနဲ့ ထိပ်တန်းလိဂ် အဆင့် အတွေ့အကြုံ ကြီးကြီးမားမား မရှိနေတာကြောင့် ပရိသတ်တွေက ၎င်း ရောက်ရှိလာမယ့် အရေးကို အကြီးအကျယ် အားမရပဲ ဖြစ်နေပါတယ် ။
သို့ပေမယ့် ချဲလ်ဆီး အသင်းသား တချို့တဝက်ကတော့ ပိုချက်တီနို ထွက်သွားပြီးနောက် မာရက်စ်ကာ ရောက်လာမယ့် အပေါ် ဂရုစိုက်နေမှာ မဟုတ်ပဲ ၊ ၎င်းတို့ နေရာရရေး အတွက် အထူး တိုက်ပွဲဝင်သွားမယ်လို့ ကြိုတင်ယူဆနိုင်ပါတယ် ။
အထူးသဖြင့် ပြီးခဲ့တဲ့ ရာသီ ကာလရှည် ဒဏ်ရာ ရခဲ့တဲ့ ကစားသမားတွေနဲ့ အငှားကနေ ပြန်လာကြမယ့် လူငယ် ကြယ်ပွင့်တွေဟာ မာရက်စ်ကာ မျက်စိကျစေမယ့် ကြိုးစား အားထုတ်မှုမျိုး ရာသီကြို ပြင်ဆင်တဲ့အချိန် ပြသသွားမှာ သေချာပါတယ် ။

ချဲလ်ဆီး ဂန္တဝင် တောင်ပံကစားသမားဟောင်း ပတ်နီဗင်က ဒါနဲ့ ပတ်သက်ပြီး Spin Genie နဲ့ တွေ့ဆုံခဲ့ရာမှာ ” ဒဏ်ရာ ပြဿနာတွေနဲ့ တချိန်လုံး ရုန်းကန်ခဲ့ရတဲ့ ကစားသမား အများစုက အခွင့်အရေးတွေ အတွက် အပြိုင် ကြိုးပမ်းလာကြမှာပါ ။ အခုအချိန်မှာ ဘယ်သူက စိတ်သက်သာရာ ရနေမလဲ ဆိုတာ ခင်ဗျား မပြောနိုင်ပါဘူး ။ ”
” ပေါ့ချ်သာ တရာသီလုံး ကြံ့ခိုင်မှု ပြည့်ဝတဲ့ လူစာရင်းကို ကိုင်တွယ်ခွင့် ရခဲ့မယ်ဆိုရင် သူ့လက်အောက်မှာ အပတ်တိုင်း ကစားခွင့် ရခဲ့မှာ မဟုတ်တဲ့ ကစားသမား နာမည် ၆ခု အထိ ကျွန်တော် ထုတ်ပြောလို့ ရပါတယ် ။ ရာဟင်း ( စတာလင် ) လို ကစားသမားမျိုးဟာ နောက်ပိုင်းမှာ ပိုချက်တီနိုရဲ့ အဓိက ကစားသမား တယောက် အဖြစ် မခံစားလာရတော့ပါဘူး ။ ”
” ဒါပေမယ့် သူ ဒါကို အရမ်းကြီး စိတ်ပျက်နေမှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ ဒါက သူ့ရဲ့ စိတ်ဓာတ်ခံယူချက်မျိုး မဟုတ်လို့ပါ ။ အငှားထွက်ခဲ့ရတဲ့ ကစားသမားတွေကသာ ပိုချက်တီနို ထွက်ခွာသွားတာနဲ့ ပတ်သက်ပြီး ‘ ကောင်းပြီ ၊ ဒါက နောက်ရာသီ ပထမအသင်းမှာ ပါဝင်ခွင့်ဖို့ အရမ်းကောင်းတဲ့ အခွင့်အရေးပဲ ‘ လို့ တွေးကြပါလိမ့်မယ် ။ ”

” ဘောလုံးသမားတွေဟာ တကိုယ်ကောင်းဆန်ကြပါတယ် ။ သူတို့ အောင်မြင်ချင်ကြပါတယ် ။ ဒါက သူတို့ အလုပ်ပါ ။ ဒါက ကျွန်တော် ဘောလုံးသမား ဘဝတုန်းက ခံယူခဲ့တာနဲ့ တခြားစီပါပဲ ။ ဒါပေမယ့်လည်း ဒါက လူ့သဘာဝ ဖြစ်သလို ၊ ဘောလုံးမှာ ဒီလို ခံယူချက်မျိုး လိုအပ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR