Sports Myanmar

ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၂၂ဂိုး အနက် သူ အနှစ်သက်ဆုံး ဂိုး၃ဂိုးကို ရွေးချယ်သွားတဲ့ ကိုးလ်ပါလ်မာ

 

ချဲလ်ဆီး အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ကြယ်ပွင့် ကိုးလ်ပါလ်မာဟာ မကြာသေးခင်က ပြီးဆုံးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီမှာ သွင်းဂိုး ၂၂ဂိုး ၊ ဂိုးဖန်တီးမှု ၁၂ကြိမ် စွမ်းဆောင်ပေးခဲ့ပါတယ် ။ ဒီအတွက်ကြောင့် ၎င်းဟာ PFA Young Player of the Season ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ပြီးနောက် ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်ရဲ့ ဒုတိယ ဂိုးအများဆုံး သွင်းယူသူ ဖြစ်ခဲ့တဲ့ ပါလ်မာဟာ လှပတဲ့ သွင်းဂိုး တချို့ကို သွင်းပေးနိုင်ခဲ့ရာ ၊ The Mirror သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ သူ့အကြိုက်ဆုံး ဂိုး၃ဂိုးကို အခုလိုပဲ ရွေးချယ်ပေးသွားပါတယ် ။

ပါလ်မာ က ” ယူနိုက်တက်နဲ့ နောက်ဆုံးမိနစ်မှာ သွင်းခဲ့တဲ့ ဂိုးကို ကျွန်တော် ကြိုက်ပါတယ် ။ ဒါကလည်း စိတ်ခံစားချက် ပြည့်နှက်နေခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့ ။ အဲဗာတန်နဲ့ အိမ်ကွင်းပွဲက အဖွင့်ဂိုးကိုလည်း ကျွန်တော် ကြိုက်ပါတယ် ။ အိုးလ်ထရက်ဖို့ဒ်က ဂိုးလည်း ကျွန်တော် ကြိုက်ပါတယ် ။ ကျွန်တော် သဘောကျတဲ့ ဂိုးအနည်းငယ် ရှိခဲ့ပါတယ် ။ ”

” ကျွန်တော့ရဲ့ အင်စတာဂရမ် ပို့စ်တွေအောက်က ကွန်းမန့်တွေမှာ Cold ဆိုပြီး အမြဲ ရေးထားကြပါတယ် ။ ကိုးလ်ပါလ်မာနဲ့ Cold ဆိုတဲ့ အရာမျိုးတွေပေါ့ ။ ဒါကြောင့် လူတန်နဲ့ ပွဲကနေ စပြီး အဲဒီ အောင်ပွဲခံပုံကို ကျွန်တော် တောက်လျှောက် သုံးလာတာပါ ။ ”

” ချာတိတ်လေးတွေ ကျွန်တော့ဆီ ရောက်လာတဲ့အခါ အဲလို အောင်ပွဲခံပုံမျိုး လုပ်ပြတတ်ကြပါတယ် ။ သူတို့ လုပ်ပြတာလေးတွေက ကျွန်တော့ကို ရယ်မောစေပါတယ် ။ သူတို့ ဒါကို အမှန်တကယ် နှစ်သက်ကြပါတယ် ။ ဒီအောင်ပွဲခံပုံက လုပ်ရတာ ပျော်စရာကောင်းတဲ့ အရာ တခုလည်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ပါလ်မာဟာ ပြီးခဲ့တဲ့ နွေရာသီက သူ ဆယ်စုနှစ် တခုနီးနီး ဖြတ်သန်းလာခဲ့တဲ့ မန်စီးတီးကို စွန့်ခွာကာ ၊ ပုံမှန် ပွဲထွက်ခွင့် အတွက် ချဲလ်ဆီးသို့ ပေါင်သန်း ၄၀နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ် ။ သို့ပေမယ့် ချဲလ်ဆီးကို စရောက်ရောက်ချင်းမှာပဲ ပါလ်မာဟာ အံ့မခန်း အရာများစွာ စွမ်းဆောင်ပြနိုင်ခဲ့ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး ပါလ်မာ က ” ကျွန်တော် ပုံမှန် ဘောလုံး ကစားချင်ခဲ့ပြီး ၊ လူတိုင်းကို ကျွန်တော် ဘာလုပ်နိုင်လဲ ဆိုတာ ပြသချင်ခဲ့ပါတယ် ။ ကျွန်တော် အသင့်ဖြစ်နေပြီလို့ ခံစားခဲ့ရပါတယ် ။ ဒါပေမယ့် ဒါက ဒီလောက်ထိ မြန်မြန်ဆန်ဆန် အဆင်ပြေလာလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိပါဘူး ။ ”

” ဒါက ကျွန်တော့ရဲ့ ပထမဆုံး ရာသီပါ ။ နောက်ပြီး အစတုန်းက ကျွန်တော် အဲဒီကို သွားမယ် ၊ ကစားခွင့်လေး ဘာလေး ရမယ်လို့ တွေးထားခဲ့တာပါ ။ ဒါပေမယ့် ကျွန်တော် ထင်ထားတာထက်တောင် ပိုပြီး အဆင်ပြေနေခဲ့ပါတယ် ။ ကျွန်တော့ရဲ့ ဆုံးဖြတ်ချက်က တရားမျှတမှု ရှိတယ်လို့ သေချာပေါက် ခံစားရပါတယ် ။ ”

” မန်စီးတီးကနေ ထွက်ခွာပြီး ၊ ချဲလ်ဆီးကို ပြောင်းခဲ့ဖို့ ကျွန်တော် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပါတယ် ။ ဒါပေမယ့် ကံကောင်းစွာနဲ့ ဒါက အလုပ်ဖြစ်ခဲ့ပြီး ၊ ဒီပုံစံအတိုင်း ဆက်ဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar