
၂၀၂၃ – ၂၀၂၄ ပရီးမီးယားလိဂ် ဘောလုံးရာသီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကမှ ပိတ်သိမ်းသွားခဲ့ပြီး ၊ ချန်ပီယံဆုကို မန်စီးတီးကပဲ ၄နှစ်ဆက်တိုက် ဆွတ်ခူးသွားခဲ့ပါတယ် ။ အာဆင်နယ်ဟာ မနှစ်ကထက်တော့ စီးတီးကို ပိုမိုစိန်ခေါ်နိုင်ခဲ့ပေမယ့် ၊ ဒီတကြိမ်မှာလည်း ၎င်းတို့ဟာ ရာသီသိမ်းခါနီး လုံးဝ အမှားမရှိခဲ့ပဲ ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။
စီးတီး ကစားသမားဟောင်း ဖြစ်တဲ့ ချဲလ်ဆီး ကြယ်ပွင့် ကိုးလ်ပါလ်မာကတော့ The Sun နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဘယ်အသင်းကို သူ ချန်ပီယံ ဖြစ်စေချင်လဲ ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီး ” ကျွန်တော် မန်စီးတီးကို ချန်ပီယံ ဖြစ်စေချင်ခဲ့ပါတယ် ။ အဲဒီမှာ ကျွန်တော့ မိတ်ဆွေတွေ အများကြီး ရှိနေပါတယ် ။ ”

” ဒီတော့ သူတို့ ဖလားရခဲ့တာကို ကျွန်တော် ဝမ်းမြောက်မိပါတယ် ။ ဒါပေမယ့် ကျွန်တော် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာကိုတော့ နောင်တမရခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ပါလ်မာဟာ လာမယ့် ယူရို ၂၀၂၄ မှာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ ချန်ပီယံ ဖြစ်ဖို့ ပစ်မှတ်ထားနေကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။
ပါလ်မာ က ” အင်္ဂလန် လက်ရွေးစင် အသင်းမှာ ပါဝင်ခွင့် ရဖို့ ဘယ်နေရာမှာမဆို ကျွန်တော် ကစားသွားပါမယ် ။ ဘယ်နေရာဖြစ်ဖြစ် ကျွန်တော့ အတွက် ပြဿနာ မရှိပါဘူး ။ ဒါပေမယ့် ကစားခွင့် မရခဲ့ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး ။ ကျွန်တော် ဒီထက် ပိုလုပ်ပေးနိုင်တာလည်း မရှိတော့ပါဘူး ။ ”
” အားလပ်ရက် ခရီးထွက်နေရတာထက် ယူရို ပြိုင်ပွဲကို သွားမယ့် လေယာဉ်ပေါ်မှာပဲ ကျွန်တော် ရှိချင်ပါတယ် ။ ယူ၂၁ အဆင့်မှာ ကျွန်တော် အများကြီး လုပ်ပြခဲ့ပြီးပါပြီ ။ ဒီတော့ ဒါက နောက်ထပ် အဆင့်တဆင့် တက်ဖို့ အချိန်တန်ပါပြီ ။ ”

” ဒီအသင်းဟာ မြင့်မားတဲ့ အဆင့်တွေဆီ တက်လှမ်းနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ ဒါက အသင်းကောင်း တသင်းနဲ့ တူလို့ပါ ။ ဒီပြိုင်ပွဲမှာ အင်္ဂလန်တို့ ဘာကြောင့် ဗိုလ်မစွဲနိုင်မှာလဲ ဆိုတာ ကျွန်တော် မမြင်မိပါဘူး ။ ”
” သူတို့ဟာ ရှေ့ပြိုင်ပွဲ ၂ခုမှာ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ် အဆင့်တွေဆီ ရောက်ပြီးပါပြီ ။ ကံနည်းနည်း မကောင်းတာပဲ ရှိတာပါ ။ ဒီတော့ သူတို့ဟာ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ကြောင်း ပြသပြီးပါပြီ ။ အခုတော့ သူတို့ အနေနဲ့ ဆုဖလား ယူပြဖို့ပဲ ကျန်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် ပိတ်ခါနီးမှာ စီးတီးကနေ ချဲလ်ဆီးသို့ ပြောင်းလာခဲ့တဲ့ ပါလ်မာဟာ မကြာသေးခင်ကမှ လမ်းခွဲသွားတဲ့ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနို လက်အောက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသသွားခဲ့ပါတယ် ။ ယင်းအာဂျင်တိုင်းသား နည်းပြနဲ့ ပတ်သက်ပြီး ပါလ်မာက အခုလိုပဲ ချီးကျူးစကားတွေ ဆိုသွားပါတယ် ။
ပါလ်မာ က ” သူ ပထမဆုံး ရောက်လာတော့ အသင်းမှာ အခြေခံ နည်းစနစ်တွေ ထည့်သွင်းပေးခဲ့ပြီး ၊ အသင်းက လူတိုင်း ဘာတွေ လိုအပ်လဲ ဆိုတာ ပြည့်စုံအောင် လုပ်ပေးခဲ့ပါတယ် ။ နောက်တော့ သူ သွင်းချင်တဲ့ ပုံစံအတိုင်း ကျွန်တော်တို့ကို စတင် သင်ပြခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ဟာ အဲ့ဒီ အခြေခံကို ပထမဦးစွာ လိုအပ်ခဲ့ပါတယ် ။ ”

” မန်နေဂျာ တယောက် အနေနဲ့ သူဟာ ခင်ဗျား လုပ်ချင်စိတ် ကျဆင်းနေရင်တောင် တွန်းအားပေးပါတယ် ။ ကျွန်တော့ အတွက်တော့ သူ အမှန်တကယ် ကောင်းခဲ့ပါတယ် ။ သူဟာ ကျွန်တော့ကို သက်တောင့်သက်သာ ဖြစ်အောင် ထားပေးပြီး ၊ ကျွန်တော်တို့ အကြားမှာ တကယ်ကောင်းတဲ့ ဆက်ဆံရေး ရှိပါတယ် ။ ”
” သူဟာ ခက်ခဲတဲ့ အလုပ် တခု ရခဲ့တာပါ ။ အသင်းတဝက်လောက် ဒဏ်ရာ ရနေခဲ့ပြီး ၊ အဲဒီထဲမှာ တချို့သော အရေးကြီး ကစားသမားတွေ ပါခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ရာသီဟာ သူ့အတွက် ခက်ခဲခဲ့ပေမယ့် ၊ အသင်းသားတိုင်း သူ့ကို ချစ်ကြပါတယ် ။ သူဟာ ကျွန်တော့ အတွက် အရမ်း အရေးပါခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR