
လက်ရှိ ဥရောပ ဘောလုံးလောကရဲ့ အကောင်းဆုံး စာရင်းဝင် ညာနောက်ခံလူတွေထဲမှာ မန်စီးတီး အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ဝါရင့် ညာနောက်ခံလူ ကိုင်လ်ဝေါ်ကာဟာ အခုအချိန် အထိ ခြေစွမ်းပြနေဆဲ ၊ ပုံစံကောင်းတွေ စွမ်းဆောင်နိုင်နေဆဲ ဖြစ်ပါတယ် ။
ဥရောပ အင်အားကြီး အသင်းတွေဟာ ထိပ်တန်း ညာနောက်ခံလူတွေ ပိုင်ဆိုင်ထားပြီး ၊ ထိုအထဲမှာလည်း ချဲလ်ဆီးဟာ အကယ်ဒမီထွက် ညာနောက်ခံလူ ရိစ်ဂျိမ်းစ်ကို ထုတ်မွေးထားနိုင်တာကို တွေ့ရပါတယ် ။

You’ll Never Beat Kyle Walker Podcast မှာ ပေါ့ကတ်စ် တည်ထောင်သူ ဖြစ်တဲ့ ဝေါ်ကာက ညာနောက်ခံလူကောင်း အများအပြား ရှိတဲ့ အနက် သူ့အမြင်မှာ ပြီးပြည့်စုံမှု အရှိဆုံး ညာနောက်ခံလူက ရိစ်ဂျိမ်းစ် ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။
ဝေါ်ကာ က ” ရိစ်ဂျိမ်းစ်ပါ ။ သူဟာ အရာရာ ပိုင်ဆိုင်ထားပါတယ် ။ ပြီးပြည့်စုံတဲ့ ညာနောက်ခံလူ တယောက် ဖြစ်အောင် ကျွန်တော် ဖန်တီးရမယ်ဆိုရင် သူပဲ ဖြစ်မှာပါ ။ သူဟာ ခံစစ် ကစားနိုင်တယ် ၊ တိုက်စစ်လည်း လိုက်နိုင်တယ် ၊ နည်းစနစ်ပိုင်းလည်း ကျွမ်းကျင်သလို ၊ ဘယ်ခြေရော ညာခြေပါ သန်ပါတယ် ။ ”
” တည်ကန်ဘော အခြေအနေတွေမှာဆိုရင် သူဟာ အန္တရာယ် ပေးနိုင်ပါတယ် ။ နောက်ပြီး လျင်မြန်မှုလည်း ရှိပါတယ် ။ ပြီးပြည့်စုံတဲ့ ညာနောက်ခံလူ တယောက်သာ ကျွန်တော် ဖန်တီးခွင့် ရခဲ့ရင် ( အချာရပ်ဖ် ) ဟာကီမီရဲ့ အပြေးအား ၊ ( ဂျိုဝေါင် ) ကန်ဆယ်လိုရဲ့ နည်းစနစ် စွမ်းရည် ၊ ထရန့် ( အလက်ဇန္ဒား အာနိုး ) ရဲ့ ဘောလုံး ပေးပို့ပုံ ၊ ( ဒန်နီ ) ကာဗာဟယ်ရဲ့ စိတ်ဓာတ် ခံယူချက်တွေ ။ ”

” နောက်ပြီး ရိစ်ဂျိမ်းစ်ရဲ့ ဘောလုံးဉာဏ်နဲ့ ပေါင်းစပ်ချင်ပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ ကွင်းလယ်မှာ အချိန် အတော်ကြာ ကစားဖူးလို့ပါ ။ ဒါပေမယ့် သူတို့ အားလုံးကို ပေါင်းစပ်လိုက်မယ်ဆိုရင် အဲဒါက ရိစ်ဂျိမ်းစ်ပဲ ဖြစ်မယ်လို့ ကျွန်တော် ပြောရပါမယ် ။ သူဟာ ခင်ဗျား လိုချင်တဲ့ အရာတိုင်းကို နည်းနည်းချင်းစီ ပေးနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
အသက် ၂၄နှစ် အရွယ်ရှိ ဂျိမ်းစ်ဟာ နောက်ပိုင်းနှစ်တွေမှာ ကာလရှည် ဒဏ်ရာ ပြဿနာတွေနဲ့ အထူး ရုန်းကန်ထားရပြီး ၊ ပြီးခဲ့တဲ့ ရာသီမှာလည်း နှစ်အစပိုင်းနဲ့ နှစ်ကုန်ခါနီးမှာသာ ချဲလ်ဆီး အတွက် ပြန်ကစားပေးနိုင်ခဲ့ပါတယ် ။ ဒါကြောင့် အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ ၎င်းကို ယူရို ၂၀၂၄ မတိုင်ခင် အကြို လူစာရင်းမှာ ထည့်သွင်းရွေးချယ်ခဲ့ခြင်း မရှိတာလို့ ယူဆရနိုင်ပါတယ် ။
အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်ကတော့ ဒီအပေါ် စိတ်ပျက်မိကြောင်း ” ကျွန်တော် ဒါကို နားမလည်ပါဘူး ။ သူဟာ အစွန် နောက်ခံလူ နေရာ အတွက် အကောင်းဆုံး ဖြေရှင်းချက် တခုပါပဲ ။ သူ ဒဏ်ရာ ရနေခဲ့တာ ကြာမှန်း ကျွန်တော် သိပါတယ် ။ ဒါပေမယ့် လုခ်ရှောကလည်း အချိန် အကြာကြီး နာနေခဲ့တာပဲလေ ။ ကျွန်တော် အတော်လေး ရှော့ခ်ရမိပါတယ် ။ ”
” ကိုင်လ်ဝေါ်ကာဟာ ညာနောက်ခံလူ နေရာမှာ ကစားပေမယ့် ၊ ခင်ဗျားသာ တခါတရံ ၃ယောက်တန်း ခံစစ် ကစားကွက် ပြောင်းသုံးချင်တယ်ဆိုရင် ရိစ်ဂျိမ်းစ်ကို ခေါ်လာရမှာပါ ။ ပိုကောင်းတဲ့ ပြိုင်ဖက်တွေနဲ့ဆို ခင်ဗျား ၃ယောက်တန်း ခံစစ် ကစားကွက် သုံးကောင်း သုံးရမှာပါ ။ ”

” ရိစ်ဂျိမ်းစ်ဟာ wing-back တွေထဲ အကောင်းဆုံး တဦး ဖြစ်ပြီး ၊ သူသာ ညာနောက်ခံလူ နေရာမှာ ကစားရင်လည်း ဝေါ်ကာကို ဗဟိုခံစစ် နေရာဆီ ခင်ဗျား ပို့လို့ရပါတယ် ။ ပြိုင်ဖက် အသင်းက အပြေးမြန်တဲ့ တိုက်စစ် ကစားသမား တယောက်ယောက် ပါလာရင် ခင်ဗျားမှာ သူ့ကို အပြိုင်လိုက်ဖို့ ခံစစ်မှာ ဝေါ်ကာ ရှိနေမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR