Sports Myanmar

ချဲလ်ဆီးနဲ့ သတင်းထွက်နေတဲ့ ဥရောပ ကြယ်ပွင့် တိုက်စစ်မှူးနဲ့ ပတ်သက်ကာ မှတ်ချက်ပေးသွားတဲ့ ပတ်ထရိုဗစ်

ချဲလ်ဆီး အသင်းဟာ လာမယ့် နွေရာသီ ဈေးကွက် အတွင်း အထောင် တိုက်စစ် တနေရာ အတွက် အဓိက ဖြည့်တင်းဖို့ ပစ်မှတ်ထားနေပြီး ၊ ထိုအထဲမှာ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန် ၊ စပို့တင်း လစ္စဘွန်း တိုက်စစ်မှူး ဂျိုကာရက်စ်နဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘန်ဂျမင် ဆက်စ်ကိုတို့ ပါဝင်နေတယ်လို့ သိရပါတယ် ။

အသက် ၂၁နှစ် အရွယ်ရှိ ဆက်စ်ကိုဟာ ချဲလ်ဆီးနဲ့ လတ်တလောမှာမှ သတင်းတွေ ပြန်ထွက်လာတဲ့ တိုက်စစ်မှူး တယောက် ဖြစ်ပြီး ၊ ပြီးခဲ့တဲ့ ရာသီ ဘွန်ဒက်စ်လီဂါမှာ ၁၄ဂိုး သွင်းကာ ၊ ၂ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ ၎င်းကို ချဲလ်ဆီး အပြင် မန်ချက်စတာ ယူနိုက်တက်နဲ့ အခြားသော အင်အားကြီး ကလပ် တချို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ် ။

ချဲလ်ဆီး ဂိုးသမား ဂျော်ဂျီ ပတ်ထရိုဗစ်ကတော့ ၎င်းတို့နဲ့ သတင်းတွေ ထွက်ထားတဲ့ ယင်းဆလိုဗေးနီးယား လက်ရွေးစင် ကြယ်ပွင့် အကြောင်း သတိထား စောင့်ကြည့်နေတာကြောင့် ၎င်းရဲ့ စွမ်းဆောင်ရည် အပေါ် အတော်လေး အားရမှု ရှိကြောင်း အခုလိုပဲ မှတ်ချက်ပြု ဖွင့်ဟလာပါတယ် ။

Nogomia နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ပတ်ထရိုဗစ် က ” သူနဲ့ ကောလဟလတွေ ထွက်နေတာ ကျွန်တော် သိပါတယ် ။ သူ့အကြောင်း ကျွန်တော် နောက်ယောင်ခံ လိုက်နေပါတယ် ။ သူဟာ ကောင်းမွန်တဲ့ ဘောလုံး ရာသီဝက် တခု ဖြတ်ကျော်ထားပါတယ် ။ သူ့ရဲ့ သွင်းဂိုး ပုံစံကလည်း အရမ်းကောင်းနေပါတယ် ။ ”

” နောက်ဆုံး ၇ပွဲဆက် သူ ဂိုးသွင်းထားတဲ့ အကြောင်း ကျွန်တော် ဖတ်လိုက်ရပါသေးတယ် ။ သူဟာ ယူရို အတွက် တကယ်ကောင်းတဲ့ အခိုက်အတန့် တခုကို ဖန်တီးထားနိုင်ပုံ ပေါ်နေပါတယ် ။ သူဟာ မော်ဒန်ခေတ် တိုက်စစ်မှူး တယောက်မှာ ရှိသင့်တဲ့ စွမ်းရည်တိုင်းကို ပိုင်ဆိုင်ထားပါတယ် ။ ”

” ကျွန်တော် သူ ကစားခဲ့တဲ့ ပွဲတချို့ကို ကြည့်ဖူးပါတယ် ။ ဟုတ်ပါတယ် ။ သူဟာ ပရီးမီးယားလိဂ်မှာ ကစားပေးနိုင်စွမ်း ရှိပါတယ် ။ အသေအချာပါပဲ ။ သူ့မှာ ကြီးကျယ်တဲ့ အလားအလာတွေ ရှိနေပြီး ၊ လတ်တလော လတွေမှာ သူဟာ ဒါကို အောင်အောင်မြင်မြင် သက်သေပြထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ဆားဘီးယား လက်ရွေးစင် အသင်းနဲ့ အတူ ယူရို ၂၀၂၄ ကစားခွင့် ရဖို့ နီးစပ်နေတဲ့ ပတ်ထရိုဗစ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ချဲလ်ဆီးနဲ့ မကြာသေးခင်ကမှ လမ်းခွဲခဲ့တဲ့ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုရဲ့ နေရာပေး မြှောက်စားမှုကြောင့် အတိုင်းအတာ တရပ် အထိ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ် ။

ယင်းအာဂျင်တိုင်းသား နည်းပြ အပေါ် ကျေးဇူးတင်တဲ့ အနေနဲ့ ပတ်ထရိုဗစ် က ” သူနဲ့ ကလပ်က အတူတူ ခရီးမဆက်တော့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လေးစားရပါမယ် ။ ပိုချက်တီနိုဟာ ကျွန်တော့ကို အခွင့်အရေး တရပ် ပေးခဲ့ပြီး ၊ ကျွန်တော့ အပေါ် ယုံကြည်ခဲ့သူပါ ။ ”

” ဒီအတွက် သူနဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ တဖွဲ့လုံးကို ကျွန်တော် တသက်လုံး ကျေးဇူးတင်နေမှာပါ ။ ကျွန်တော်တို့ အတူတူ ကောင်းကောင်းမွန်မွန် အလုပ် တွဲလုပ်ခဲ့ကြပြီး သူတို့ကို အနာဂတ် အလုပ်တွေမှာ အကောင်းဆုံး ဖြစ်ဖို့ ကျွန်တော် ဆုတောင်းပေးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar