
ယနေ့ည ဝင်ဘလေကွင်းမှာ ဥရောပ ကလပ် ဘောလုံးပြိုင်ပွဲရဲ့ အမြင့်ဆုံး အဆင့် ဖြစ်တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီး ကျင်းပတော့မှာ ဖြစ်ကာ ၊ ဒီဖိုင်နယ်ကို ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်တို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ် ။
ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံး ကလပ် ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒီတကြိမ်မှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေဆဲ ဖြစ်ပေမယ့် ၊ ဒေါ့မွန်ကလည်း underdog အသင်း အဖြစ်နဲ့ ဗိုလ်လုပွဲ အထိ ထိုက်ထိုက်တန်တန် ဆိုက်ရောက်လာတာ ဖြစ်လို့ ၎င်းတို့ကိုလည်း ဘယ်လို လျှော့တွက်လို့ မရပါဘူး ။

ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ရီဗယ်ဒိုကတော့ ရီးရဲလ်မက်ဒရစ်ဟာ ၎င်းတို့ရဲ့ ၁၅ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူးဖို့ အထူး ရေပန်းစားနေသည့်တိုင် ၊ သူကတော့ ဒေါ့မွန်တို့သာ စိတ်ဓာတ်ပိုင်း ယုံကြည်မှု အပြည့်နဲ့ ချန်ပီယံ ဖြစ်သွားမယ်လို့ ခန့်မှန်းခဲ့ပါတယ် ။
BetFair နဲ့ တွေ့ဆုံရာမှာ ရီဗယ်ဒို က ” ရီးရဲလ်ဟာ ဒီဖိုင်နယ် အတွက် ရေပန်းစားတဲ့ အသင်း ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ရီးရဲလ်မက်ဒရစ်နဲ့ ဘိုရုရှား ဖိုင်နယ် ဖြစ်မယ်လို့ ကျွန်တော် ပြောခဲ့ပါသေးတယ် ။ ဒီတော့ ဗိုလ်လုပွဲ ခန့်မှန်းချက်တော့ ကျွန်တော် မှန်ခဲ့ပါတယ် ။ ”
” ဘယ်လိုပဲဖြစ်ဖြစ် ဘိုရုရှားပဲ ချန်ပီယံ ဖြစ်မယ်လို့ အဲဒီတုန်းက ကျွန်တော် ပြောခဲ့ပါတယ် ။ မက်ဒရစ်က ဒီဖိုင်နယ် အတွက် ရေပန်းစားနေတာ အသေအချာပါပဲ ။ ဒါပေမယ့် ဘိုရုရှားဟာ ဒီပွဲကို ယုံကြည်မှုများစွာနဲ့ ရောက်လာမှာပါ ။ ”

” သူတို့ဟာ ဒီပြိုင်ပွဲကို ဘယ်လို ကစားရမယ်ဆိုတာ သိပါတယ် ။ ခက်ခဲတဲ့ ပွဲတွေမှာ ဘယ်လို ကစားရမယ် ဆိုတာ သူတို့ သိပါတယ် ။ ဆီမီးဖိုင်နယ် ၂ကျော့မှာ ပီအက်စ်ဂျီကို သူတို့ အနိုင်ရအောင် ကစားသွားခဲ့တာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ် ။ ”
” ဟုတ်ပါတယ် ။ ရီးရဲလ်မက်ဒရစ်ဟာ ဒီဖိုင်နယ် အတွက် ရေပန်းစားနေပေမယ့် ၊ ကျွန်တော်ကတော့ ဘိုရုရှား ဒေါ့မွန်ကပဲ ချန်ပီယံ သရဖူ ဆောင်းသွားလိမ့်မယ်လို့ ယုံကြည်နေဆဲပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ရီဗယ်ဒိုက သူဟာ ဘာဆာ ကစားသမားဟောင်း တယောက် ဖြစ်သည့်တိုင် ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် အောင်မြင်မှုတွေကို မျက်ကွယ်ပြုမှာ မဟုတ်ကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။
ရီဗယ်ဒို က ” သူတို့ ဆွတ်ခူးခဲ့တဲ့ ချန်ပီယံလိဂ် ဆုဖလား အရေအတွက်နဲ့ အခုလို နောက်ထပ် ဗိုလ်လုပွဲ တပွဲဆီ ရောက်လာတာကို ကြည့်ရင် သူတို့ဟာ ကမ္ဘာ့ အကောင်းဆုံး အသင်းလို့ သေချာပေါက် သတ်မှတ်ခံရနိုင်ပါတယ် ။ နောက်ပြီး သူတို့ရဲ့ နက်ရှိုင်းတဲ့ သမိုင်းကြောင်းနဲ့ ဆုဖလား အောင်မြင်မှုတွေပေါ့ ။ ”

” ဟုတ်ပါတယ် ။ ခင်ဗျားဟာ အသင်းကြီး တသင်းမှာ ကစားခဲ့ဖူးတဲ့အခါ ၊ ဥပမာ ကျွန်တော်ဆို ဘာစီလိုနာ အတွက် ကစားခဲ့တော့ ကိုယ့်အသင်းဟောင်းဖက်က ခုခံပေးတာနဲ့ပဲ အမြဲ အဆုံးသတ်ရပါတယ် ။ ဒါပေမယ့် သုံးသပ်တဲ့အခါမှာတော့ ကျွန်တော်တို့ဟာ ကိုယ့်မျက်စိရှေ့ မြင်နေတာတွေကို မျက်ကွယ်ပြုလို့ မရပါဘူး ။ ”
” ကျွန်တော်တို့ဟာ ကလပ် အဆင့် အမြင့်မားဆုံး ပြိုင်ပွဲမှာ သူတို့ ဆွတ်ခူးထားတဲ့ ဆုဖလား အရေအတွက် ဘယ်လိုမှ လျစ်လျူရှုလို့ မရပါဘူး ။ ဒီပြိုင်ပွဲမှာ သူတို့ ရခဲ့တဲ့ အောင်မြင်မှုတိုင်း အတွက် ချီးကျူးခံရဖို့ ထိုက်တန်ပါတယ် ။ ချန်ပီယံလိဂ်မှာတော့ သူတို့ဟာ ဘယ်လို ကစားရမလဲ ဆိုတာ ကောင်းကောင်းသိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR