
ချဲလ်ဆီး အသင်းဟာ နွေရာသီ ဈေးကွက် အတွင်း အကယ်ဒမီ ကြယ်ပွင့် တဦး ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ကော်နာ ဂေါ်လဂါကို ထုတ်ရောင်းဖို့ စဉ်းစားထားပြီး ၊ ၎င်းအတွက် ထိုက်သင့်တဲ့ တန်ကြေး တရပ်သာ ရမယ်ဆိုရင် အကျိုးအမြတ် အတွက် ထုတ်ရောင်းသွားဖွယ် ရှိပါတယ် ။
စာချုပ် သက်တမ်း တနှစ်ပဲ ကျန်တော့သလို စာချုပ်သစ် ဆွေးနွေးမှုကလည်း အဆင်မပြေနေတာကြောင့် ပရိသတ်တွေရဲ့ ဆန္ဒကို လွန်ဆန်ပြီး ချဲလ်ဆီး ပိုင်ရှင်တွေက ဂေါ်လဂါကို ထုတ်ရောင်းဖို့ ကြံစည်နေတာ ဖြစ်ပါတယ် ။

ချဲလ်ဆီးနဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း အီမန်နူရယ် ပီတစ်ကတော့ ဂေါ်လဂါကို ထုတ်ရောင်းမယ့် အစီအစဉ် အပေါ် ဘယ်လိုမှ နားမလည်ကြောင်း မှတ်ချက်ပြုရင်း ၊ ၎င်းကိုသာ ထွက်ခွာခွင့် ပေးခဲ့မယ်ဆိုရင် ပီအက်စ်ဂျီမှာ နေရာ မရနေတဲ့ ဥရုဂွေး လက်ရွေးစင် ကွင်းလယ်လူ မန်နူရယ် အူဂါတေးကို ခေါ်ယူသွားဖို့ ချဲလ်ဆီးထံ အကြံပြုလိုက်ပါတယ် ။
Boyle Sports နဲ့ တွေ့ဆုံရာမှာ ပီတစ် က ” ချဲလ်ဆီးဟာ ဘာလို့ ဂေါ်လဂါကို ရောင်းမှာလဲ ? ပိုက်ဆံကြောင့်လား ? သူတို့ဟာ ဂေါ်လဂါကို ရောင်းရင် အကျိုးအမြတ် ရမယ် ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် ဒါက ခင်ဗျား အနေနဲ့ ကိုယ့်အသင်းရဲ့ လွှမ်းမိုးမှု အရှိဆုံး ကစားသမား တယောက် ၊ အင်္ဂလိပ် လူမျိုး ကစားသမား တယောက် ထုတ်ရောင်းဖို့ ဆိုတဲ့ အဓိပ္ပာယ်မျိုး ဆိုလိုတာ မဟုတ်ပါဘူး ။ ”
” ပရိသတ်တွေ အတွက် ဒါက အရေးကြီးပါတယ် ။ အသင်းရဲ့ DNA စစ်စစ် ပိုင်ဆိုင်ထားတဲ့ ကစားသမားမျိုးတွေ ရှိဖို့ပေါ့ ။ ကျွန်တော် လုံးဝ နားမလည်ပါဘူး ။ ချဲလ်ဆီးဟာ ငွေအများကြီး သုံးပြီး အခုတော့ ကိုယ့်အကယ်ဒမီထွက် ကစားသမားတွေကို ထုတ်ရောင်းဖို့ လုပ်နေရပါပြီ ။ သူတို့ဟာ ဒါမျိုးကို မလုပ်ခင်ကတည်းက ကြိုစဉ်းစားခဲ့ရမှာပါ ။ ”

” ဒါပေမယ့် အူဂါတေးဟာ ချဲလ်ဆီး အတွက် ကောင်းမွန်တဲ့ အစားထိုး ခေါ်ယူမှု တခု ဖြစ်နိုင်ပါတယ် ။ သူဟာ အရည်အသွေးရှိ ကစားသမား တယောက်ပါ ။ သူဟာ အင်းနရစ်ရဲ့ ပီအက်စ်ဂျီမှာ ခင်ဗျား အတွေးထဲ ပထမဆုံး ရောက်လာမယ့် ကစားသမား တယောက်ပါပဲ ။ ”
” ဒါပေမယ့် နယူးကာဆယ်ကို အရှက်တကွဲ ရှုံးပြီးတဲ့ နောက်ပိုင်း သူဟာ ပွဲထွက်စာရင်းကနေ လွင့်စင်ထွက်ခဲ့ရပါတယ် ။ အဲဒီ နောက်ပိုင်း သူဟာ အရန်ခုံမှာပဲ ထိုင်ခဲ့ရတာ များပြီး ၊ အဲဒီကနေ တဆင့် သူ့ရဲ့ စိတ်ဓာတ် ခံယူချက်ကို တည်ဆောက်ရပါတယ် ။ ဒါပေမယ့် ပီအက်စ်ဂျီရဲ့ ကစားပုံက သူနဲ့ မလိုက်ဖက်ပါဘူး ။ ”
” အူဂါတေးဟာ second ball တွေ လုတဲ့ နေရာမှာ အရမ်းကောင်းပြီး ၊ အဲဒီကနေ အသင်း အတွက် ဘောလုံး ဖြန့်ပေးရတာပါ ။ ဒါပေမယ့် ဘောလုံး ခြေထဲ ရှိနေတဲ့ အချိန်ဆို သူဟာ အသင်းမှာ အကောင်းဆုံး ကစားသမား မဟုတ်တော့ပါဘူး ။ ဒါပေမယ့် ချဲလ်ဆီးကိုသာ သူ ပြောင်းလာရင် သူတို့အတွက် တကယ် အံကိုက်မယ့် ကစားသမား ဖြစ်လာနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး ပီတစ် က ညာတောင်ပံ တိုက်စစ် အတွက် ရီးရဲလ်မက်ဒရစ် စတား ရိုဒရီဂိုကို ခေါ်ယူသင့်ကြောင်း ” ချဲလ်ဆီးဟာ နီကိုးလက်စ် ဂျက်ဆင်ကို ကူပေးဖို့ ရီးရဲလ်မက်ဒရစ်က ရိုဒရီဂိုကို ခေါ်သင့်ပါတယ် ။ အမ်ဘတ်ပေ နောက်ရာသီကျရင် ရောက်လာမှာ ဖြစ်လို့ ရီးရဲလ်မက်ဒရစ်ရဲ့ စူပါစတား တယောက်ကတော့ ပွဲထွက်စာရင်းကနေ အဖယ်ခံရမှာပါ ။ ”

” ဒီတော့ ရိုဒရီဂိုရဲ့ အပြောင်းအရွှေ့ဟာ ၂သင်းလုံး အတွက် အဓိပ္ပာယ် ရှိစေနိုင်ပါတယ် ။ ရီးရဲလ်မက်ဒရစ်ဟာ သူ့အတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး တရပ် ရမှာ ဖြစ်သလို ၊ သူဟာ ငယ်သေးတာကြောင့် ဂျက်ဆင် အတွက်လည်း အထောက်အကူ ဖြစ်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR