
ဒေါ့မွန် အသင်းဟာ မနေ့ညက ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ် အသင်းကို ဒုတိယပိုင်းမှာ ပေးခဲ့ရတဲ့ သွင်းဂိုး ၂ဂိုးနဲ့ အရေးနိမ်ခဲ့ရပါတယ် ။ ပထမပိုင်း တပိုင်းလုံး အခွင့်အရေး အသာစီး ရခဲ့ပေမယ့် ၊ အသုံးမချနိုင်ခဲ့တာကြောင့် ဒေါ့မွန် အတွက် ဒါဟာ အထူး နာကျင်ရတဲ့ ဖိုင်နယ်ရှုံးပွဲ တပွဲ ဖြစ်ပါတယ် ။
ထိုပွဲကို သွားရောက်ကြည့်ရှုခဲ့တဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုဟာ ပွဲအပြီး ဒေါ့မွန် နည်းပြ အီဒင် တာဇစ်ကို အားပေးစကား ပြောခဲ့ကာ ၊ TNT Sport နဲ့ တွေ့ဆုံခဲ့ရာမှာတော့ သူ ဘာတွေ ပြောခဲ့လဲ ဆိုတာ အခုလိုပဲ ပြန်လည် ဖွင့်ဟလာပါတယ် ။

မော်ရင်ညို က ” သူ ကျွန်တော့ကို ဒီအရှုံးရလဒ်က အရမ်း အရမ်း လက်ခံရ ခက်တာပဲလို့ ပြောခဲ့ပါတယ် ။ ကျွန်တော်ကလည်း သူ့ကို အချိန်က သူ့ကို ကုစားပေးမှာ မဟုတ်ကြောင်းနဲ့ ဒါက သူ့ရဲ့ နည်းပြ ဘဝနဲ့ လူ့ဘဝ တလျှောက်လုံး ခက်ခဲစေဦးမယ့် အကြောင်း ပြန်ပြောခဲ့ပါတယ် ။ ”
” ဒါပေမယ့် ခင်ဗျား ကိုယ်လုပ်ပြခဲ့တာ အတွက် အရမ်း ဂုဏ်ယူရမှာပါ ။ ဘာလို့လဲဆိုတော့ ခင်ဗျား လုပ်ပြခဲ့တာက အံ့သြဖွယ်ကောင်းခဲ့လို့ပါ ။ နည်းပြ တယောက် အနေနဲ့ ခင်ဗျား ဒီထက် ပိုမလုပ်ပေးနိုင်တော့ပါဘူး ။ နည်းပြက ဂိုးသွင်းမပေးနိုင်သလို ၊ ဂိုးပေါက်ထဲ ဘောလုံး ရောက်အောင်လည်း မလုပ်နိုင်ပါဘူး ။ ”
” သူဟာ အသင်းကို တစုတစည်းတည်း ဖြစ်စေခဲ့သလို ၊ ယုံကြည်ချက်တွေ ၊ ပြင်းပြတဲ့ ခံယူချက်တွေ ပေးခဲ့ပါတယ် ။ ဒါတွေ အားလုံး သူ လုပ်ပေးခဲ့တာပါ ။ သူ့ရဲ့ ပွဲချဉ်းကပ်ပုံက အံ့သြဖွယ်ပါပဲ ။ သူတို့ ကစားတာ အရမ်း ရဲခဲ့ပါတယ် ။ ”

” သူတို့ ဂိုးသွင်းဖို့ကလွဲရင် ကျန်တဲ့အရာ အားလုံး လုပ်နိုင်ခဲ့ပါတယ် ။ နည်းပြ တယောက် အနေနဲ့ သူ ဒါကို ဂုဏ်ယူနေရမှာပါ ။ ဒါပေမယ့် သူ ဒီညကို မေ့လို့ရတော့မှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ တာဇစ်က ၎င်းတို့ အသင်း ဘာကြောင့် ရှုံးခဲ့လဲ ဆိုတာ အခုလိုပဲ ထင်မြင်ချက် ပေးလာပါတယ် ။
တာဇစ် က ” ကျွန်တော်တို့ရဲ့ ကစားပုံ အရမ်းကောင်းခဲ့ပြီး ၊ ၂ – ၀ နဲ့ ရှုံးတာထက် အများကြီး ပိုထိုက်တန်ခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ ဗိုလ်လုပွဲ လာကစားရုံသက်သက် မဟုတ်ပဲ ၊ အနိုင်ရချင်ခဲ့တယ် ဆိုတာကို ပွဲအစ တစက္ကန့်ကနေ ပြသနိုင်ခဲ့ပါတယ် ။ ကျွန်တော်တို့ အရာများစွာ မှန်ကန်အောင် လုပ်နိုင်ခဲ့ပါတယ် ။ ”
” ဒါပေမယ့် ပြိုင်ဖက် အသင်းဟာ အချိန်ကျလာတဲ့အခါ သွေးအေးအေး ရှိခဲ့ပါတယ် ။ ဒီနေ့ ကျွန်တော်တို့မှာ ဒါမျိုး ပျောက်ဆုံးနေခဲ့ပါတယ် ။ ကျွန်တော်တို့ အံ့သြဖွယ် ကစားနိုင်ခဲ့ပြီး ၊ ဦးဆောင်ဂိုး ရဖို့ နီးစပ်ခဲ့ပေမယ့် ၊ ပွဲက အလှည့်အပြောင်း ဖြစ်ခဲ့ကာ ၊ မက်ဒရစ်ဟာ ဘာကြောင့် ချန်ပီယံတွေရဲ့ ချန်ပီယံ ဖြစ်နေရလဲ ဆိုတာ ပြသခဲ့ပါတယ် ။ ”
” ကျွန်တော်တို့ဟာ ပထမပိုင်းမှာ မက်ဒရစ် ဒုတိယပိုင်းမှာ ရတဲ့ အခွင့်အရေးကောင်းတွေ အတိုင်း ရခဲ့တာပါ ။ ဒါပေမယ့် ကျွန်တော်တို့ ဒါတွေကို အသုံးမချနိုင်ခဲ့ပါ ဘူး ။ ပွဲအပြီးမှာ ကိုယ် မတူညီအောင် လုပ်ခဲ့သင့်တဲ့ အကြောင်း ခင်ဗျား အမြဲ မေးခွန်းထုတ်နိုင်ပါတယ် ။ ဒါပေမယ့် တည်ကန်ဘော တကြိမ်က ပွဲကို ပြောင်းလဲသွားစေခဲ့ပါတယ် ။ ”

” ဒီကနေ ကျွန်တော်တို့ သင်ယူရပါမယ် ။ ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့သလို ၊ တန်ပြန်တိုက်စစ်တွေကနေလည်း အန္တရာယ်ပြုနိုင်ခဲ့ပေမယ့် ၊ ဂိုးမသွင်းနိုင်ခဲ့ပါဘူး ။ ဒါက ဒီနေ့မှာ အဓိက ခြားနားချက် ဖြစ်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR