Sports Myanmar

သူ့အသင်းဟောင်း ၃သင်းရဲ့ လက်ရှိ အနေအထား အပေါ် အမှန်အတိုင်း ထင်မြင်ချက် ပေးသွားတဲ့ မော်ရင်ညို

ပေါ်တူဂီသား ဝါရင့် နည်းပြကြီး ဂျိုဆေး မော်ရင်ညိုဟာ လာမယ့် ရာသီမှာ တူရကီ ကလပ် ဖီနာဘာချီ အသင်းကို စတင် ကိုင်တွယ်တော့မှာ ဖြစ်ပြီး ၊ စာချုပ် မချုပ်ခင် ပြီးခဲ့တဲ့ စနေနေ့က လန်ဒန်သို့ ရောက်လာခဲ့ကာ ၊ ဝင်ဘလေကွင်းမှ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကိုယ်တိုင် သွားရောက် ကြည့်ရှုအားပေးခဲ့ပါတယ် ။

အသက် ၆၁နှစ် အရွယ်ရှိ မော်ရင်ညိုဟာ အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီး ၃သင်း ဖြစ်တဲ့ ချဲလ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် အသင်းတွေမှာ ဆယ်စုနှစ် တခု နီးနီး ကျင်လည် ဖြတ်သန်းခဲ့ပြီး ထိုကလပ်တွေ အပေါ် သံယောဇဉ်တွေ ကျန်နေသေးသူ ဖြစ်ပါတယ် ။

တမြန်နေ့ ချန်ပီယံလိဂ် ဖိုင်နယ် အတွက် TNT Sports ရုပ်သံဌာနမှာ ဧည့်သည် ပွဲသုံးသပ်သူ အဖြစ် ရောက်လာခဲ့တဲ့ မော်ရင်ညိုက လက်ရှိ သူ့အသင်းဟောင်း ချဲလ်ဆီးမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ အပေါ် ဘယ်လို မြင်သလဲ ဆိုတဲ့ အမေးနဲ့ ပတ်သက်ကာ အခုလိုပဲ ဖွင့်ဟ ဖြေကြားလာပါတယ် ။

မော်ရင်ညို က ” ( ချဲလ်ဆီးမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ) ကျွန်တော် ဘာတခုမှ နားမလည်တော့ပါဘူး ။ တော့တင်ဟမ် အတွက်တော့ ကျွန်တော့မှာ အိုင်ဒီယာ တခု ရှိပါတယ် ။ ဒါက တော့တင်ဟမ်ပါ ။ သူတို့ဟာ အဆင့် ၄ အတွက် အမြဲတမ်း တိုက်ပွဲဝင်နေပါတယ် ။ ”

” နောက်ရာသီ သူတို့ အနေနဲ့ အဆင့် ၄ ၊ ၅ ၊ ၆ အတွင်း ဝင်ရင် အံ့သြဖွယ်ကောင်းနေပါပြီ ။ ဟုတ်ပါတယ် ။ နောက်နှစ် သူတို့ ယူရိုပါလိဂ်ဖလားလည်း ဆွတ်ခူးနိုင်ပါတယ် ။ သူတို့မှာ တည်ငြိမ်မှု တရပ် ရှိတဲ့ပုံ ပေါ်ပါတယ် ။ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်လာပြီး ၊ အသင်း အပေါ် အံ့သြဖွယ် ထောက်ပံ့မှုတွေ ပေးနေပါတယ် ။ သူတို့ရဲ့ ဘောလုံးကွင်းကလည်း လှပါတယ် ။ ”

” ဒါတွေကို ခင်ဗျား ခံစားသိနိုင်ပါတယ် ။ ချဲလ်ဆီးကတော့ ကျွန်တော်လည်း တကယ်ကို မသိတော့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီးဟာ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေ လက်ထက် ၂နှစ်တာ အတွင်း နည်းပြ အပြောင်းအလဲ ၄ကြိမ် အထိ ပြုလုပ်ထားပြီး ၊ လာမယ့် ရာသီမှာတော့ အီတလီ လူမျိုး နည်းပြ အန်ဇို မာရက်စ်ကာက ချဲလ်ဆီးကို ၅နှစ် စာချုပ်နဲ့ ကိုင်တွယ်မယ်လို့ ကြားသိရပါတယ် ။

တဖက်မှာ မော်ရင်ညိုရဲ့ အခြား အသင်းဟောင်း တသင်း ဖြစ်တဲ့ မန်ယူနိုက်တက်ဟာလည်း ပိုင်ရှင်သစ်တွေ လက်ထက် အပြောင်းအလဲ တချို့ မြင်ရဖို့ မျှော်မှန်းခံထားရကာ ၊ ပထမဆုံး အနေနဲ့ လက်ရှိ နည်းပြ အဲရစ် တမ်ဟဂ် ရာထူးက ဖယ်ရှားခံရနိုင်တယ် ဆိုတဲ့ ကောလဟလတွေ ထွက်ထားကို မကြာသေးခင်ကမှ မြင်တွေ့ခဲ့ရပါတယ် ။

သရဲနီတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မော်ရင်ညို က ” သူတို့က အရင်ကထက်စာရင် နည်းနည်းလေး တိုးတက်လာတယ် ဆိုပေမယ့် အရင်ကနဲ့ တူတူလောက်ပါပဲ ။ လက်ရှိမှာ ပက် ( ဂွာဒီယိုလာ ) ဟာ တခြား ကလပ်တွေမှာ ဖြစ်ပျက်နေတဲ့ အရှုပ်အပွ ကိစ္စတွေကို ထိုင်ရယ်နေလောက်မယ် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar