Sports Myanmar

မန်ယူနိုက်တက်ဟာ ကစားသမား ၃ ဦးကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုလိုက်တဲ့ ဖာဘရီဂတ်စ်

ဆက်ဖာဘရီဂတ်စ်က မန်ချက်စတာယူနိုက်တက်ရဲ့ ထိပ်တန်း ကစားသမား ၃ ဦးရဲ့ form ကို ကြည့်လိုက်မယ်ဆိုရင် အိုးထရပ်ဖို့ဒ်မှာ တစ်စုံတစ်ရာ မှားယွင်းနေတယ် ဆိုတဲ့ သက်သေ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာသာ ရခဲ့ပေမယ့်လည်း အက်ဖ်အေဖလား ရခဲ့တာကြောင့်သာ ယူရိုပါလိဂ် ဝင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ဖာဘရီဂတ်စ်က သရဲနီ တို့ဟာ တနေ့မှာ ပြန်လာကာ အဓိက ဆုဖလားတွေကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ထောက်ခံလိုက်ပေမယ့် ကလပ်ရဲ့ ကစားသမား ၃ ဦးကို ရုန်းကန်နေခဲ့ရတာကို မြင်ရတာဟာ စိတ်ပူစရာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဆန်ချိုဟာ အိုးထရပ်ဖို့ဒ်မှာ ၂ နှစ်ခွဲလောက် ခက်ခဲမှု ရှိခဲ့ပြီး နောက်ဆုံးမှာတော့ တန်းဟတ်နဲ့ ပြသနာတက်ကာ ဒေ့ါမွန်ကို အငှား ပြောင်းခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဆန်ချိုဟာ ဒေ့ါမွန်မှာ နဂိုခြေစွမ်းပြန်ရခဲ့ပြီး ဘွန်ဒက်လီဂါ ကလပ်ကို ချန်ပီယံလိဂ်ဖိုင်နယ် ရောက်အောင် ကူညီပေးခဲ့ပါတယ်။ ရီးရဲယ်မှာ ဆုဖလားများစွာ ပိုင်ဆိုင်ခဲ့တဲ့ ကတ်စမီရို ကလည်း ဒီရာသီမှာ အထူး ရုန်းကန်ခဲ့ရသလို ကမ္ဘာ့ဖလားမှာ စတား ဖြစ်ခဲ့တဲ့ အမ်မရာဘတ် ကလည်း စရောက်ကတည်းက ရုန်းကန်ခဲ့ရပြီး ရာသီကုန်ခါနီးမှသာ ခြေစွမ်းကောင်းကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖာဘရီဂတ်စ်က “မန်ချက်စတာယူနိုက်တက်ဟာ ပြန်လာမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ထိပ်တန်း အသင်းကြီး ဖြစ်နေလို့ပါ။ ဒါပေမယ့် ခင်ဗျားတို့ ဂျေဒွန်ဆန်ချိုကို ကြည့်လိုက်ပါ။ သူဟာ မန်ယူနိုက်တက်မှာ ကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူး။ သူ ဒေါ့မွန်ကို ပြန်သွားချိန်မှာတော့ အရင်က ကျနော်တို့ မြင်ခဲ့ဖူးတဲ့ ကစားသမားမျိုး ပြန်ဖြစ်သွားခဲ့ပါတယ်။

မော်ရိုကိုနဲ့ အတူ ကမ္ဘာ့ဖလားမှာ တောက်ပခဲ့တဲ့ ကွင်းလယ်လူ အမ်မရာဘတ် ကိုလည်း ကြည့်လိုက်ပါ။ သူဟာ အဲဒီပြိုင်ပွဲမှာ တအားကို ကောင်းခဲ့ပါတယ်။ မန်ယူနိုက်တက်ကို ပြောင်းရွေ့ပြီးနောက် သူဟာ ခြားနားတဲ့ ကစားသမား ဖြစ်သွားခဲ့ပါတယ်။ ကတ်စမီရိုဟာ ရီးရဲယ်မက်ဒရစ်မှာ ချန်ပီယံလိဂ်ဖလားတွေ အများကြီး ရခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ခံစစ် ကစားသမား ဖြစ်ခဲ့ပါတယ်။

သူ မန်ယူနိုက်တက်ကို ပြောင်းရွေ့ပြီးနောက်ပိုင်း လုံး၀ မတူညီတဲ့ ကစားသမား ဖြစ်သွားခဲ့ပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် အဲဒီမှာ တစ်စုံတစ်ရာတော့ မှားယွင်းနေတယ်လို့ ကျနော် ထင်မိပါတယ်။ ထိပ်တန်း ကစားသမား ၃ ဦးစလုံး မန်ယူနိုက်တက်ကို ရောက်လာပြီးနောက် ချက်ချင်းဆိုသလို မကောင်းတော့တာ ကတော့ တိုက်ဆိုင်မှု မဖြစ်နိုင်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ကစားသမားတွေ ဆီကနေ အကောင်းဆုံး အရည်အသွေးကို မထုတ်ယူနိုင် ဖြစ်နေခဲ့တဲ့ အဲရစ်တန်းဟတ်ဟာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရှိနေပြီး ပိုချက်တီနို ဒီဇာဘီ သောမတ်တူချယ် တို့က ဒီရာထူး အတွက် ရေပန်းစားနေပါတယ်။

မူရင်းသတင်း — Sports Myanmar