
ချဲလ်ဆီး အသင်းဟာ နွေရာသီ ဈေးကွက် အတွင်း ကစားသမားသစ် တချို့ ခေါ်ယူ အားဖြည့်ချင်နေပေမယ့် ၊ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းနဲ့ မညိစွန်းစေဖို့ ၊ ရှိပြီးသား ကစားသမား တချို့ကို ထုတ်ရောက်ကာ ၊ အပိုဝင်ငွေ ရှာဖွေသွားဖို့ ရှိပါတယ် ။
ဒီလို ကစားသမားတွေကို ရောင်းချရာမှာ ၊ Homegrown ကစားသမားတွေက အသင်းကို တိုက်ရိုက် အကျိုးအမြတ် ရှိစေပါတယ် ။ ဒါကြောင့် ချဲလ်ဆီး ပိုင်ရှင်တွေဟာ ပရိသတ်တွေ ချစ်ခင်နှစ်သက်ကြတဲ့ ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ ကွင်းလယ်လူ ကော်နာ ဂေါ်လဂါနဲ့ နောက်ခံလူ ထရက်ဗာ ချာလိုဘာတို့ကို ထုတ်ရောင်းဖို့ စဉ်းစားနေခြင်း ဖြစ်ပါတယ် ။

အသက် ၂၄နှစ် အရွယ်ရှိ ကော်နာ ဂေါ်လဂါဟာ ပြီးခဲ့တဲ့ ရာသီ ချဲလ်ဆီး အတွက် ပွဲအများဆုံး ကစားပေးခဲ့ကာ ၊ အသင်းခေါင်းဆောင် အဖြစ်လည်း ကွင်းတွင်းမှာ အဓိက တာဝန်ယူပေးခဲ့ရပြီး ၊ အသင်းရဲ့ လုပ်အားနှုန်း အကောင်းဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ် ။
ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဂျိုကိုးလ်က အနိမ့်ဆုံး ပေါင်သန်း ၅၀ တန်ဖိုး ရှိနေတဲ့ ဂေါ်လဂါကို ထုတ်မရောင်းဖို့ အတွက် နည်းပြသစ် ဖြစ်လာမယ့် အန်ဇို မာရက်စ်ကာ အနေနဲ့ ကလပ် ပိုင်ရှင်တွေထံ မေတ္တာရပ်ခံ ကြည့်ဖို့ အခုလိုပဲ တောင်းဆိုသွားပါတယ် ။
Talksport နဲ့ တွေ့ဆုံရာမှာ ဂျိုကိုးလ် က ” ကျွန်တော်သာ ချဲလ်ဆီး ပိုင်ရှင်တွေနဲ့ မျက်နှာချင်းဆိုင် ထိုင်နေခဲ့မယ်ဆိုရင် ကော်နာဟာ အဝတ်လဲခန်းထဲမှာ အရေးကြီးဆုံး ကစားသမား ဖြစ်နိုင်လောက်တဲ့ အကြောင်း ကျွန်တော် သူတို့ကို ပြောရပါလိမ့်မယ် ။ သူ ကွင်းထဲမှာ ဘာတွေ လုပ်ပြနိုင်လဲ ဆိုတာ ခင်ဗျား မပြောခင် သူဟာ ဒီကလပ် အကြောင်း နားလည်ပါတယ် ။ ”

” ခက်ခဲတဲ့ အချိန်တွေမှာ ခင်ဗျားဟာ ကစားသမား တယောက်ရဲ့ တန်ဖိုးကို မြင်တွေ့နိုင်ပြီး ၊ ကော်နာဟာ ချဲလ်ဆီး အတွက် အမြဲတမ်း ရှိပေးခဲ့သလို ၊ အသင်းကို တွန်းအားပေးနေတာပါ ။ သူ့ကို ဆက်ထိန်းဖို့ ဆိုတာ ကလပ် အတွက် အရမ်း အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”
” ဘဏ္ဍာရေး ရှုထောင့်အရ ကျွန်တော် နားမလည်ဘူး ဆိုတာ ဝန်ခံရပါမယ် ။ ဒါပေမယ့် ဘောလုံး ရှုထောင့်အရ စစ်စစ်မှန်မှန် ကြည့်ရင်တော့ သူဟာ အဝတ်လဲခန်းထဲက အရေးကြီးဆုံး ထိပ်တန်း ကစားသမား ၃ယောက်ထဲမှာ ပါပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
အခြား ချဲလ်ဆီး ကစားသမားဟောင်း တဦး ဖြစ်တဲ့ အန်ဒီ တောင်ဆန်ကလည်း ဂျိုကိုးလ်ရဲ့ အမြင်ကို သဘောတူတဲ့ အနေနဲ့ ” ကော်နာ ဂေါ်လဂါဟာ အမှန်တကယ် ကောင်းမွန်တဲ့ ဘောလုံး ရာသီ တခု ကျော်ဖြတ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူ လုပ်ပြခဲ့တဲ့ အရမ်းကောင်းတဲ့ အရာ တချို့ ရှိပါတယ် ။ ”

” ခရစ်စတယ် ပဲလေ့စ်ကို အငှားထွက်ခဲ့တုန်းကလည်း သူ ခြေစွမ်းပြခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ရာသီမှာတော့ သူဟာ ပိုကောင်းတဲ့ အရည်အသွေးတွေ ထပ်ပေါင်းထည့်နိုင်ခဲ့ပါတယ် ။ သူနဲ့ မွိုက်ဆက်စ် ကိုင်စီဒို အတွဲဟာ အန်ဇိုနဲ့ တွဲဖက်တာထက် အများကြီး ပိုကောင်းပါတယ် ။ မာရက်စ်ကာက ချဲလ်ဆီး ဘုတ်အဖွဲ့ကို ‘ ကျေးဇူးပြု သူ့ကို မရောင်းပါနဲ့ ‘ ဆိုပြီး မေတ္တာရပ်ခံတာ ကျွန်တော် မြင်လိုပါတယ် ။ ”
” သူဟာ အမှန်တကယ် ကစားပုံ ကောင်းပြီး ၊ ချဲလ်ဆီးမှာ ဆက်နေခွင့် ရဖို့ ထိုက်တန်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ဂျိုကိုးလ်က ချဲလ်ဆီးကို နှစ်ရှည် စီမံကိန်းနဲ့ ရောက်လာမယ့် ၊ လက်စတာကို ချန်ပီယံရှစ် ချန်ပီယံ အဖြစ် ပရီးမီးယားလိဂ်သို့ တန်းတက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ မာရက်စ်ကာနဲ့ ပတ်သက်ကာ အခုလို ထင်မြင်ချက် ပေးခဲ့ပါတယ် ။

ဂျိုကိုးလ် က ” သူဟာ ချဲလ်ဆီးက လိုချင်တဲ့ အရာတိုင်းနဲ့ ကိုက်ညီမှု ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူနဲ့ ပတ်သက်ပြီး ကြားရတဲ့ အရာတိုင်းက အပေါင်းလက္ခဏာ ဆောင်နေပါတယ် ။ ဒါက အမြဲတမ်း လက္ခဏာကောင်းပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR