Sports Myanmar

ယူရို ၂၀၂၄ ပြိုင်ပွဲဆီ သူ ခေါ်ဆောင်သွားချင်တဲ့ အင်္ဂလန် ကြယ်ပွင့်ရဲ့ အမည်ကို ထုတ်ဖော်လာတဲ့ ဟယ်ရီကိန်း

 

အင်္ဂလန်ဟာ မနေ့ညက ကစားသွားခဲ့တဲ့ ဘော့စ်နီးယားနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ဒုတိယပိုင်းမှ ကိုးလ်ပါလ်မာ ၊ ထရန့် အလက်ဇန္ဒား အာနိုးနဲ့ လူစားဝင် တိုက်စစ်မှူး ဟယ်ရီကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၃ – ၀ ရလဒ်နဲ့ သက်တောင့်သက်သာ နိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး ကြယ်ပွင့်လေး ကိုးလ်ပါလ်မာဟာ ပထမဆုံး အင်္ဂလန် လက်ရွေးစင် ပွဲထွက်ခွင့်ကို ရရှိခဲ့ပြီး ၊ ပင်နယ်တီမှတဆင့် ပထမဆုံး လက်ရွေးစင် သွင်းဂိုးကို အမှားအယွင်း မရှိ ကန်သွင်း အဆုံးသတ်နိုင်ခဲ့ပါတယ် ။

အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ မတိုင်မီ အိုက်စ်လန်နဲ့ နောက်ဆုံး ခြေစမ်းပွဲ မစခင် နာရီပိုင်း အလိုမှာ အပြီးသတ် ၂၆ယောက် ကစားသမားစာရင်းကို ထုတ်ပြန် ကြေညာဖို့ ရှိနေကာ ၊ ပါလ်မာဟာ ထိုအထဲမှာ ရွေးချယ်ခံရဖို့ သေချာသလောက် ဖြစ်နေပါတယ် ။

အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ မနေ့ညက ခြေစမ်းပွဲ အပြီး Channel 4 နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ကိုးလ်ပါလ်မာကို ယူရိုသို့ ခေါ်ဆောင်သွားစေချင်ကြောင်း အခုလိုပဲ အရိပ်အမြွက် ဖွင့်ဟလာပါတယ် ။

ကိန်း က ” သူဟာ မယုံနိုင်ဖွယ် ဘောလုံးရာသီ တခု ပိုင်ဆိုင်ခဲ့တာပါ ။ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့တာက ဘယ်တော့မှ မလွယ်ပါဘူး ။ ဒါကြောင့် ချဲလ်ဆီးက ပထမဆုံး ရာသီမှာ သူ လုပ်ပြခဲ့တာတွေ အားလုံး အတွက် သူ့ကို ချီးကျူးရပါမယ် ။ ”

” သူ့ကို အသင်းမှာ ပိုင်ဆိုင်ထားရလို့ ကျွန်တော်တို့ အရမ်း ပျော်ရွှင်နေပါတယ် ။ သူ ပထမဆုံး လက်ရွေးစင် သွင်းဂိုး ရခဲ့လို့ ကျွန်တော် ဝမ်းမြောက်မိပါတယ် ။ ဟုတ်ပါတယ် ။ ကျွန်တော်တို့ဟာ ပြိုင်ပွဲတလျှောက် အသင်းသား အားလုံးဆီကနေ ဂိုးတွေ ရဖို့ လိုပါတယ် ။ အသင်းသားတွေ ပိုပြီး ပျော်ရွှင်လေလေ ၊ ပိုကောင်းလေလေပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ အင်္ဂလန် နည်းပြ ဂါရတ် ဆောက်ဂိတ်က ခြေစွမ်းကောင်း တချို့ ပြသနိုင်ခဲ့တဲ့ ကိုးလ်ပါလ်မာ အပြင် ၊ ခရစ်စတယ် ပဲလေ့စ် ကြယ်ပွင့် အက်ဇေးကိုလည်း အခုလိုပဲ ချီးကျူးစကား ဆိုသွားပါတယ် ။

ဆောက်ဂိတ် က ” သူတို့ ၂ယောက်လုံး လွတ်လွတ်လပ်လပ် ကစားနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ အီဘီယာဟာ ပြိုင်ဖက် ကစားသမားတွေကို လှလှပပ ကျော်ဖြတ် ကစားပြခဲ့ပါတယ် ။ သူ့မှာ လုပ်ပြနိုင်တဲ့ ပါဝါ ရှိပါတယ် ။ ”

England’s Harry Kane, right, celebrates after scoring his side’s third goal during an international friendly soccer match between England and Bosnia and Herzegovina at St. James Park in Newcastle, England, Monday, June 3, 2024. (AP Photo/Scott Heppell)

” ကိုးလ်ကတော့ ကျွန်တော်တို့ တိုက်စစ်ကို ချိတ်ဆက်ပေးခဲ့တယ်လို့ ထင်ပါတယ် ။ အခွင့်အရေး ၂ကြိမ် ၊ ၃ကြိမ်လောက်မှာ ကိုးလ်ဟာ အရမ်း သေချာအောင် လုပ်ဖို့ ကြိုးစားခဲ့ပါတယ် ။ သူသာ အဲဒီ အခြေအနေတွေမှာ စောစောစီးစီး အဆုံးသတ်ခဲ့ရင် ၊ နောက်ထပ် ၂ဂိုးလောက်တောင် ရသွားခဲ့နိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဆောက်ဂိတ် က အင်္ဂလန်ရဲ့ ကွင်းတွင်း ခြေစွမ်း အပေါ် ” သူတို့ဟာ ခေါင်းမာပြီး ၊ ဆုံးဖြတ်ချက် ခိုင်မာတဲ့ ပြိုင်ဖက် တသင်း ဖြစ်ပါတယ် ။ ကြံ့ခိုင်မှု အရတော့ ဒါက workout ကောင်း တခု ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် အဆုံးမှာတော့ ဒါဟာ စွမ်းဆောင်ရည်ကောင်း တရပ် ဖြစ်ပြီး ၊ ဂိုးရလဒ်က ဒီအပေါ် ထင်ဟပ်ပြသနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar