Sports Myanmar

အာဆင်နယ် အသင်းမှာ ကစားရဖို့က သူ့ရဲ့ အိပ်မက် ဖြစ်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့်

 

ခရစ္စတယ်ပဲလေစ့် အသင်း ရဲ့ ကြယ်ပွင့် အက်ဇေး ဟာ ၂၀၁၁ ခုနှစ် မှာ အာဆင်နယ် အသင်း ရဲ့အကယ်ဒမီ ကနေ စွန့်ပစ်ခြင်းကို ခံရချိန်မှာ သူ့ရဲ့ မျှော်လင့်ချက်တွေ ပျက်စီး သွားသလို ခံစား ခဲ့ရကြောင်း ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။

၂၀၀၆ ခုနှစ် ကတည်းက အာဆင်နယ် အသင်းကို ရောက်ရှိ လာခဲ့တဲ့ အက်ဇေး ဟာ ၂၀၁၁ ခုနှစ်မှာ အသင်း က စာချုပ် မချုပ်ခဲ့တာကြောင့် တစ်ပတ် တိတိ မျက်ရည်လည်ရွှဲ ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ အခု အချိန်မှာတော့ အက်ဇေး ဟာ ပဲလေစ့် အသင်း ရဲ့ အဓိက ကစားသမား ဖြစ်နေပြီ ဖြစ်ပြီး အသင်းကြီး တော်တော်များများ ရဲ့ မျက်စိကျခြင်းကိုလည်း ခံနေရပါတယ် ။

အက်ဇေး ဟာ ပြီးဆုံး သွားခဲ့တဲ့ ဘောလုံး ရာသီမှာ ပဲလေစ့် အသင်း အတွက် ၁၁ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီး ပြီး ခြေစွမ်းပြ နိုင်ခဲ့သူ ဖြစ်ပါတယ် ။ အက်ဇေး ဟာ အာဆင်နယ် အသင်း ကနေ ရှင်းထုတ် ခံရချိန် သူ ဘယ်လောက် အထိ ခံစား ခဲ့ရသလဲ ဆိုတာ ကို ၂၀၂၀ ခုနှစ်တုန်းက The Independent နဲ့ အင်တာဗျူးမှာ ခုလို ပြောကြား ခဲ့ဖူးပါတယ် ။

” အသင်းကနေ စွန့်လွတ်ခံရချိန်မှာ ကျနော့် အသက်က ၁၃ နှစ်ပဲ ရှိပါသေးတယ် ။ တကယ့်ကို ဆိုးဆိုးရွားရွား ခံစား ခဲ့ရတာပါ ၊ တစ်ပတ်လုံးလုံး အခန်းထဲမှာ ကျနော် ငို နေမိခဲ့ပါတယ် ၊ အမေ ကတော့ အဆင်ပြေ သွားမှာပါ သားရယ် လို့ ပြောပေမယ့် ကျနော် အချိန်အတော် ယူခဲ့ရပါတယ် ။ ”

” နောက်တော့ ကျနော် ဖူလ်ဟမ် ကို သွားခဲ့ပါတယ် ။ အဲ့ဒီမှာ ဘောလုံး ကစားရတာ ကျနော် ပြန်ပျော် လာခဲ့ပြီး တစ်လလောက်အကြာမှာ အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ရပါတယ် ၊ ပွဲပြီးတော့ အကယ်ဒမီ မန်နေဂျာ ဆီကို သွားပြီး လက်ဆွဲ နှုတ်ဆက် ခဲ့ပါတယ် ။ ”

လက်တစ်လော the Rising Ballers YouTube channel နဲ့ အင်တာဗျူးမှာလည်း အက်ဇေး က ” အာဆင်နယ် အသင်းမှာ ကစားရဖို့က ကျနော့်ရဲ့ အိပ်မက် ဖြစ်ခဲ့တာပါ ။ ဒါကြောင့် သူတို့ဆီ က No လို့ ကြားရချိန်မှာ ကျနော့် အတွက် အတော် ခက်ခဲ ခဲ့ပါတယ် ၊ ကျနော် ငိုလည်း ငိုခဲ့ပါတယ် ၊ ဒါပေမဲ့ အဲ့ဒီလို ငြင်းပယ် ခံရတာက ကျနော့်ကို အများကြီး အထောက်အကူ ပြုခဲ့ပါတယ် ။ ”

” အာဆင်နယ် က ငြင်းခံရတော့ တခြား အသင်းတွေ ငြင်းတာလောက်က စာမဖွဲ့တော့ပါဘူး ။ အာဆင်နယ် မှာ မကစားရရင် တခြား အသင်းမှာ ကစားမယ် ဆိုတဲ့ စိတ်ဓတ် နဲ့ ကျနော် ရှေ့ဆက်လျှောက် ခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar