
အန်ဒီရောဘတ်ဆန်ဟာ နည်းပြသစ် အာနီဆလော့ ရောက်လာပြီးနောက် လီဗာပူးမှာ ခေတ်သစ် တစ်ခု စတင်သွားတော့မယ် အပေါ် စိတ်လှုပ်ရှားနေပါတယ်။ ဆလော့ဟာ ကလော့ ထွက်ခွာပြီးနောက် ဒီနွေရာသီမှာ ဖီယင်နော့ ကနေ လီဗာပူးကို ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးဟာ ရာသီကြိုပြင်ဆင်မှုကို ဇူလိုင်လမှာ စတင်သွားမှာ ဖြစ်ပြီး USA မှာ ခြေစမ်းပွဲ ၃ ပွဲ သွားကစားမှာ ဖြစ်ပါတယ်။
လက်ရှိမှာ စကော့တလန်နဲ့ အတူ ယူရိုပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ ရောဘတ်ဆန်က သူ့ရဲ့ နည်းပြသစ် အကြောင်းနဲ့ ခေတ်သစ် အတွက် စိတ်လှုပ်ရှားမှု အပေါ် ပြောသွားခဲ့ပါတယ်။
ရောဘတ်ဆန်က “ဒါဟာ စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုအသစ်ပါ။ ကျနော်တို့ရဲ့ ပြီးခဲ့တဲ့ Era က အတော်လေး စပယ်ရှယ် ဖြစ်ခဲ့ပြီး ဒီအတွက် မန်နေဂျာ ယာဂန်ကလော့ကို အများကြီး ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျနော် အခု မန်နေဂျာသစ် ဝင်လာတဲ့ အပေါ် စိတ်လှုပ်ရှားနေပါတယ်။ အိုင်ဒီယာအသစ် ၊ အသံအသစ် နဲ့ ဘာတွေ ဖြစ်လာမလဲဆိုတာ ကျနော် တကယ် စိတ်လှုပ်ရှားနေပါတယ်။
အခုကတော့ စကော့တလန်နဲ့အတူ အရေးကြီးတဲ့ အရာတွေကို ပြင်ဆင်နေတာကြောင့် ဒီအကြောင်းကို သိပ်အများကြီးတော့ မတွေးဖြစ်ပါဘူး။ ကျနော့် အနေနဲ့ ဒီအသင်းအပေါ်ပဲ အပြည့်အ၀ အာရုံစိုက်ထားပါတယ်။ အဲဒီနောက် ရာသီကြိုကာလ စတင်ပြီး ဆိုတာနဲ့ ကျနော်ဟာ လီဗာပူးရဲ့ new era (ခေတ်သစ်) အပေါ် အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။ ရာသီသစ်ကို အကောင်းဆုံး စတင်ဖို့ ကြိုးစားကာ သူ့ကို အောင်မြင်မှု ရစေရန် အစွမ်းကုန် လုပ်သွားမှာ ဖြစ်ပါတယ်။
ကျနော်တို့ ပြီးခဲ့တဲ့ရာသီက အရှိန်အဟုန်ကို ဆက်ထိန်းနိုင်မယ်ဆိုတာ သံသယ မဖြစ်မိပါဘူး။ ကြားရတဲ့ သတင်းတွေအရ မန်နေဂျာဟာ တအားကို တော်တယ်လို့ သိရပြီး သူနဲ့အတူ အလုပ်တွဲလုပ်ဖို့ အတွက် ကျနော် မစောင့်နိုင်တော့ပါဘူး။”

ဆက်လက်ပြီး ရောဘတ်ဆန်က “ကျနော်တို့ ဆုဖလားတွေ ထပ်ပြီး စိန်ခေါ်နိုင်ရန် ကြိုးစားသွားမှာပါ။ ကျနော်တို့ ပြီးခဲ့တဲ့ရာသီက EPL ဖလားကို စိန်ခေါ်နိုင်တယ်ဆိုတာကို ကာလအများစုမှာ ပြသခဲ့ပါတယ်။ ဒါဟာ ကျနေ်ာတို့ရဲ့ ရည်မှန်းချက်ပဲ ဖြစ်သင့်ပါတယ်။ ဘယ်ရာသီပဲ ဖြစ်ဖြစ် လီဗာပူး အနေနဲ့ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ အတွက် ဖိအားက ရှိပါတယ်။
မန်နေဂျာကလည်း ဒါကို လိုချင်မှာပါ။ သူဟာ အရင်က ဆုဖလားတွေလည်း ရထားပြီး ဖြစ်တာကြောင့် ဒီခံစားချက်ကို ထပ်ပြီး ရချင်မှာပါ။ ကျနော်တို့ အောင်မြင်မှု ရဖို့ အတွက် အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသရပါမယ်။”