
ဂယ်ရီနဗီးဟာ လာမည့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဂါရက်ဆောက်ဂိတ် အသုံးပြုသွားမယ့် အင်္ဂလန်ရဲ့ လူစာရင်းကို ခန့်မှန်းသွားခဲ့ပြီး ချဲလ်ဆီးရဲ့ Player of the Season ဖြစ်သူ ကိုးလ်ပါးမားကိုတော့ ဖယ်ထုတ်သွားခဲ့ပါတယ်။ ဆောက်ဂိတ်ဟာ လာမည့် ယူရိုပြိုင်ပွဲအတွက် အရည်အသွေးမြင့် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ တိုက်စစ်ပိုင်းကို ပိုင်ဆိုင်ထားပြီး အင်္ဂလန်ဟာ ၁၉၆၆ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဓိက ဆုဖလား ဆွတ်ခူးနိုင်ရန် ပစ်မှတ်ထားနေပါတယ်

အင်္ဂလန်ဟာ တိုက်စစ်ပိုင်းမှာ ကိန်း ဝက်ကင်း ဘိုဝင် ပါးမား ဖိုဒန် ဆာကာ အစရှိတဲ့ ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ထားပြီး အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကတော့ ပွဲထွက်ခွင့် အတွက် သေချာနေပါတယ်။ ပါးမားဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးမှာ ၂၄ ဂိုး သွင်းကာ ၁၃ ဂိုးဖန်တီးမှု လုပ်ပေးခဲ့သူ ဖြစ်ပေမယ့်လည်း မန်ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးက ချဲလ်ဆီး စတား အနေနဲ့ ယူရိုပြိုင်ပွဲမှာ အရန်ခုံကနေသာ ပွဲစတင်ရလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။
နဗီးက “မေးခွန်းထုတ်သွားရမှာ ကတော့ ဂါရက်ဆောက်ဂိတ် အနေနဲ့ ဒီလို ထိပ်တန်း တိုက်စစ် ကစားသမားတွေနဲ့ အတူ သူ့ရဲ့ အသင်းကို ဘယ်လို ဟန်ချက်ညီအောင် လုပ်သွားမလဲ ဆိုတာပါပဲ။ သူ့အနေနဲ့ တစ်ချိန်လုံး ဒီကစားသမား အားလုံးကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ သူဟာ ပေါ်ပြူလာ ဖြစ်တိုင်း နေရာမပေးဘူးဆိုတာကို အတိတ်မှာ ပြသထားခဲ့ဖူးပါတယ်။ ဘော့စနီးယားကို ၃-၀ နဲ့ အနိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဒီပြသနာဟာ ပိုပြီး ကြီးလာပါတယ်။

ကိန်း ကတော့ အထောင် တိုက်စစ်မှာ သေချာပေါက် ကစားသွားမှာပါ။ ဘယ်လင်ဟမ် ကတော့ ကွင်းလယ် ၃ ယောက်တန်းရဲ့ ထိပ်ဆုံး နံပါတ် ၁၀ နေရာ ကစားသွားရဖို့ ရှိပါတယ်။ ဆာကာ ကိုတော့ အာဆင်နယ်မှာ ကစားနေကြ နေရာ ဖြစ်တဲ့ ညာတောင်ပံမှာ သုံးဖို့ ရှိပါတယ်။ ဖိုဒန် ကလည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ သူ မဖြစ်မနေ ပွဲထွက်ရမှာပါ။
သူအနှစ်သက်ဆုံးနေရာက ဘယ်လင်ဟမ်ရဲ့ နံပါတ် ၁၀ နေရာ ဖြစ်နိုင်ပါတယ်။ သူဟာ ဆာကာ လိုမျိုးပဲ ညာတောင်ပံကနေ အတွင်းကို ချိုးဝင်လေ့ရှိသူပါ။
အင်္ဂလန်ဟာ အရမ်းကို ကောင်းတဲ့ ဘယ်ခြေသန် ကစားသမား ၃ ဦး ပိုင်ဆိုင်ထားပါတယ်။ ပါးမား အပါအဝင်ပေါ့။ ဒါပေမယ့် ဒီနေ့ခေတ်မှာ အားလုံဟာ အတွင်းကိုပဲ ချိုးဝင်ချင်ကြပါတယ်။ ဒါ့ကြောင့် ဖိုဒန် အနေနဲ့ မန်စီးတီးမှာ ပွဲစဉ် တစ်ချို့ ကစားခဲ့ဖူးတဲ့ ဘယ်တောင်ပံ နေရာ ကစားရနိုင်ပါတယ်။”

ဆက်လက်ပြီး နဗီးက “ပါးမားရဲ့ အခြေအနေကတော့ လွန်ခဲ့တဲ့ ၁၉၉၈ က မိုက်ကယ်အိုဝင်လိုပါပဲ။ ထွန်းတောက်လာတဲ့ ကျောက်ရိုင်းတစ်လုံးလိုမျိုးပါ။ နောက်ခံလူ အများစုဟာ သူနဲ့ မကစားဖူးပါဘူး။ သူ့ရဲ့ အခွင့်အရေး ကတော့ လွန်ခဲ့တဲ့ ၁၉၉၈ က အိုဝင်လိုမျိုး လူစားဝင် ကစားသမား အဖြစ် ဝင်ကစားတာ ဖြစ်ပါတယ်။”