Sports Myanmar

လာမယ့် ဘောလုံးရာသီမှာ ချဲလ်ဆီး စတား ၂ဦးကို ဦးစားပေး မသုံးဖို့ မာရက်စ်ကာထံ အသိပေးလိုက်တဲ့ မီခေးလ်

ချဲလ်ဆီး အသင်းဟာ လက်စတာ နည်းပြဟောင်း အန်ဇို မာရက်စ်ကာကို လာမယ့် ရာသီ အတွက် အပြင် နှစ်ရှည်စီမံကိန်းနဲ့ ၎င်းတို့ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီ ဖြစ်ပါတယ် ။ ဒါကြောင့် ယင်းအီတလီသား အတွက် အသုံးတည့်စေမယ့် ကစားသမားသစ် ခေါ်ယူမှု တချို့ကိုလည်း မကြာခင် မြင်တွေ့ရဖို့ ရှိလာနိုင်ပါတယ် ။

လက်ရှိမှာ ချဲလ်ဆီးဟာ ဖူလ်ဟမ်မှ အင်္ဂလန် နောက်ခံလူ တိုစင် အဒါရာဘိုင်ယိုကို အလွတ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားပြီး ဖြစ်တာကြောင့် ၊ နောက်ထပ် ခံစစ်မှူး တဦးပါ ထပ်ဖြည့်ဖို့ ပစ်မှတ်ထားလျက် ရှိပါတယ် ။ ဒါ့အပြင် မာရက်စ်ကာဟာ ယူရို ၊ ကိုပါအမေရိက မဆင်နွှဲမယ့် ကစားသမားတွေနဲ့ ချဲလ်ဆီး အသင်းရဲ့ ရာသီကြို ပြင်ဆင်မှုကို ဇူလိုင် ပထမအပတ်အတွင်း စတင်ဖို့ ရှိနေပါတယ် ။

ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဂျွန်အိုဘီ မီခေးလ်ကတော့ မာရက်စ်ကာ အနေနဲ့ လာမယ့် ရာသီ ချဲလ်ဆီးရဲ့ ဗဟိုခံစစ် အတွဲမှာ ပြင်သစ် ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ ဘန်နွိုင်း ဘတ်ဒီယာရှီးလ်နဲ့ အိတ်ဆဲလ် ဒီဆာဆီတို့ကို အဓိက ဦးစားပေး အဖြစ် အသုံးမပြုဖို့ သူ့ရဲ့ ကိုယ်ပိုင် Obi One Podcast ကနေတဆင့် အကြံပြုသွားပါတယ် ။

မီခေးလ် က ” သီယာဂို ဆေးလ်ဗားဟာ ချဲလ်ဆီးကနေ ထွက်ခွာသွားပါပြီ ။ ကျွန်တော်တို့ နောက်ထပ် ခံစစ်မှူး ၂ယောက်လောက် လိုပါတယ် ။ ဘန်နွိုင်း ဘတ်ဒီယာရှီးလ်ဟာ ချဲလ်ဆီး အတွက် အားထားရမယ့် ခံစစ်မှူးလို့ ကျွန်တော် မထင်ပါဘူး ။ ဒီဆာဆီလည်း အဆင်မပြေပါဘူး ။ ”

” သူတို့ဟာ လူငယ် ကစားသမားတွေ ဖြစ်ကြလို့ ၊ ရှေ့ဆက် တိုးတက်လာကြဦးမှာပါ ။ ကျွန်တော်တို့ လိုအပ်တာက ထိပ်တန်းအဆင့် ရောက်ပြီးသား ခံစစ်မှူးတွေပါ ။ ၄ယောက်တန်း ခံစစ်ကို တည်ငြိမ်မှု အပြည့် ပေးနိုင်မယ့် ကမ္ဘာ့အဆင့် ထိပ်တန်း ဗဟိုခံစစ်မှူး ၂ဦး ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး မီခေးလ်က ပြီးခဲ့တဲ့ ရာသီသိမ်းခါနီး ပွဲစဉ်တွေမှာ အတော်အသင့် စွမ်းဆောင်ပြနိုင်ခဲ့တဲ့ အင်္ဂလန် ယူ၂၁ ကြယ်ပွင့် နွန်နီ မက်ဒူးကီကို ချီးကျူးရင်း ၊ ရာဟင်း စတာလင် ၊ အန်ဇို ဖာနန်ဒက်ဇ် ၊ မွိုက်ဆက်စ် ကိုင်စီဒိုနဲ့ ရိုမီယို လာဗီယာတို့ဆီကနေ မာရက်စ်ကာ အနေနဲ့ အကောင်းဆုံး အရည်အသွေးတွေ ထုတ်ယူပြနိုင်ရမယ်လို့ သတိပေးသွားခဲ့ပါတယ် ။

မီခေးလ် က ” အံ့သြဖွယ်ကောင်းတဲ့ ကစားသမားပါ ။ သူဟာ ပြီးခဲ့တဲ့ ရာသီ ကုန်ခါနီးမှာ တောက်ပခဲ့တယ်လို့ ထင်ပါတယ် ။ ကိုးလ်ပါလ်မာက တကယ် တောက်ပခဲ့တဲ့ ကစားသမား ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် မက်ဒူးကီကလည်း ရာသီသိမ်းတာ အရမ်းကောင်းခဲ့ပါတယ် ။ ”

” ဂိုးနည်းနည်းပါးပါး သွင်းပေးခဲ့ပြီး ၊ အခွင့်အရေးတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ တောက်ပတဲ့ ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး ၊ အရာရာက သူ့ဆီကနေပဲ မြစ်ဖျားခံလာခဲ့တာပါ ။ သူဟာ ကျွန်တော်တို့ လိုအပ်ခဲ့တဲ့ မီးပွားလေး တပွင့် ဖြစ်ခဲ့ပါတယ် ။ သူဟာ ကွင်းထဲမှာ တခုခု လုပ်ပြဖို့ ကြိုးစားနေခဲ့သူပါ ။ ”

” နောက်ရာသီမှာ ရာဟင်း စတာလင်ကိုလည်း ပိုကောင်းတဲ့ ပုံစံနဲ့ ကျွန်တော် မြင်တွေ့ချင်ပါတယ် ။ ကျွန်တော်တို့သာ လာမယ့် ရာသီမှာ အောင်မြင်ချင်တယ်ဆိုရင် မာရက်စ်ကာ အနေနဲ့ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ကိုင်စီဒိုတို့ဆီကနေ အကောင်းဆုံး အရည်အသွေးတွေ ထုတ်ယူဖို့ နည်းလမ်း တခု ရှာဖွေရပါမယ် ။ ဘာလို့လဲဆိုရင် ကျွန်တော့ အတွက်တော့ သူတို့ဟာ ကမ္ဘာ့အဆင့် အံ့သြဖွယ်ကောင်းတဲ့ ကစားသမားတွေ ဖြစ်လို့ပါ ။ ”

” နောက်ပြီး ကျွန်တော်တို့မှာ ( ရိုမီယို ) လာဗီယာလည်း ရှိနေပါတယ် ။ သူ့ပါဆို ကမ္ဘာ့အဆင့် ကစားသမား ၃ယောက် ဖြစ်နေပါပြီ ။ ခင်ဗျား အနေနဲ့ ပေါ့ချ် ကိုးလ်ပါလ်မာဆီကနေ အကောင်းဆုံး အရည်အသွေးတွေ ထုတ်ယူပြသလိုမျိုး သူတို့ဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ထုတ်ယူနိုင်မယ့် နည်းလမ်း တခု ရှာဖွေရပါမယ် ။ ”

” သူသာ ဒီကစားသမားတွေ ခြေစွမ်းပြအောင် လုပ်ပေးနိုင်ခဲ့ရင် ချဲလ်ဆီးဟာ လာမယ့် ရာသီမှာ လုံးဝ ကွဲပြားသွားမယ့် အသင်း ဖြစ်လာလိမ့်မယ် ဆိုတာ ကျွန်တော် ခင်ဗျားတို့ကို ပြောနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar