Sports Myanmar

အနာဂတ် မသေချာနေတဲ့ ချဲလ်ဆီး စတား အတွက် အသင်းပြောင်းဖို့ အကြောင်းပြချက် ၂ချက်ကို ပြောပြလာတဲ့ ဒန်နီ မာဖီ

 

ချဲလ်ဆီး အသင်းဟာ နွေရာသီ ဈေးကွက် အတွင်း နည်းပြသစ် အန်ဇို မာရက်စ်ကာ အတွက် ကစားသမားသစ် တချို့ ခေါ်ယူ ဖြည့်တင်းပေးဖို့ ရှိရင်းစွဲ အသင်းသား တချို့ကို ထုတ်ရောင်းကာ ၊ အသားတင် ဝင်ငွေ ရှာဖွေဖို့ ပစ်မှတ်ထားနေပါတယ် ။

အထူးသဖြင့် ကွင်းလယ်လူ ကော်နာ ဂေါ်လဂါလို အကယ်ဒမီထွက် Homegrown ကစားသမားမျိုးကို ရောင်းချရင် ချဲလ်ဆီး အတွက် တိုက်ရိုက် အကျိုး ဖြစ်ထွန်းစေနိုင်ပါတယ် ။ ဒါ့အပြင် ယင်းအင်္ဂလန် လက်ရွေးစင်ဟာ စာချုပ် တနှစ်သာ ကျန်တော့လို့ ဒီနွေရာသီမှာ ၎င်းကို ထုတ်ရောင်းမှ ဖြစ်မယ့် အနေအထားဆီ ရောက်လို့နေပါတယ် ။

လက်ရှိမှာ ဂေါ်လဂါကို ခေါ်ယူဖို့ အက်စ်တွန် ဗီလာ အသင်းက ထိပ်ဆုံးက ပြေးနေပြီး ၊ တော့တင်ဟမ် ၊ အက်သလက်တီကိုတို့ကလည်း ၎င်းကို စိတ်ဝင်စားမှု တချို့ ပြသထားကြပါတယ် ။ လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီ မာဖီကတော့ ဂေါ်လဂါ အနေနဲ့ ချန်ပီယံလိဂ် ကစားခွင့်ကြောင့် ဗီလာသို့ ပြောင်းရွှေ့သင့်ကြောင်းနဲ့ ၊ ဗီလာကလည်း ယင်းအင်္ဂလန်သားကို ငွေတန်ကြေးကြောင့် ခေါ်ယူသင့်ကြောင်း အခုလိုပဲ သုံးသပ်လာပါတယ် ။

Talksport နဲ့ တွေ့ဆုံရာမှာ မာဖီ က ” သူူသာ အသင်းပြောင်းချင်ခဲ့မယ်ဆိုရင် ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး ။ သူဟာ အက်စ်တွန် ဗီလာ အတွက် အံ့သြဖွယ် ခေါ်ယူမှု တရပ် ဖြစ်စေမယ့် အပြင် ၊ ဒါက ကောင်းမွန်တဲ့ တန်ကြေးလည်း ဖြစ်စေပါမယ် ။ ကျွန်တော်ဟာ သူ့ရဲ့ အဆုံးသတ် အရည်အသွေးတွေ အပေါ် အနည်းငယ် ဝေဖန်ခဲ့ဖူးပါတယ် ။ ”

” ပင်နယ်တီ ဧရိယာထဲ ဝင်ပြီး ဂိုးသွင်းပေးဖို့ ဆိုတာက သူ့ရဲ့ အားသာချက်တော့ မဟုတ်ပါဘူး ။ သူဟာ ကွင်းလယ် အတွင်းဖက် အထိ အနည်းငယ် ဆင်းဆော့ပေးနေခဲ့ရပြီး ၊ အဲလို ပုံစံမျိုးမှာ တကယ်တော်အောင် ကစားပြနိုင်ခဲ့ပါတယ် ။ ”

” အခုခေတ် တချို့သော ကစားသမားတွေ အတွက် ပေးရတဲ့ ပြောင်းရွှေ့ကြေး ပမာဏတွေကို ခင်ဗျား ကြည့်တဲ့အခါ ကော်နာ ဂေါ်လဂါ အတွက် ပေါင်သန်း ၅၀ ဆိုတာ အားကောင်းမောင်းသန် ၊ အမြဲတမ်း ကြံ့ခိုင်မှု ပြည့်နေတဲ့ ၊ နေရာစုံ ကစားပေးနိုင်တဲ့ ၊ သူ့ဆီကနေ ဘာတွေ ရမယ် ဆိုတာ သိရမယ့် ကစားသမားမျိုးကို ရလိုက်သလို ဖြစ်မှာပါ ။ ”

” အက်စ်တွန် ဗီလာ အတွက်လည်း ဒါက Upgrade တခုလိုပါပဲ ။ သူဟာ ချန်ပီယံလိဂ်လည်း ကစားခွင့် ရမှာ ဖြစ်သလို ၊ ပရိသတ်တွေကလည်း သူ့ကို ချစ်ကြမှာပါ ။ ချဲလ်ဆီး ပရိသတ်တွေက သူ့ကို မချစ်ဘူးလို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဗီလာ အတွက် ဒါက တကယ်ကောင်းပြီး ပြီးပြည့်စုံတဲ့ Statement ခေါ်ယူမှု တရပ် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ အင်္ဂလန် – ဘော့စ်နီးယား ခြေစမ်းပွဲ အပြီး Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ဂေါ်လဂါက ချဲလ်ဆီးက ပြောင်းရွှေ့ဖို့ အကြောင်းအရာထက် နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်အောက်မှာ ကစားဖို့ အကြောင်းပဲ အဓိက ဖြေကြားသွားခဲ့တာကို တွေ့ရပါတယ် ။

ဂေါ်လဂါ က ” အမှန်တကယ် စိတ်လှုပ်ရှားမိပါတယ် ။ ကျွန်တော် တကယ်ကောင်းတဲ့ အရာတွေ မြင်ရ ကြားရပါတယ် ။ ကျွန်တော် အပြင် ချဲလ်ဆီးက လူတိုင်း သူနဲ့ အတူ အလုပ်လုပ်ရဖို့ အမှန်တကယ် ပျော်ရွှင် ၊ စိတ်လှုပ်ရှားနေကြပါတယ် ။ ”

” ဟုတ်ပါတယ် ။ အသေအချာပါပဲ ။ ကျွန်တော်တို့ဟာ ချဲလ်ဆီးကို သူတို့ရဲ့ နဂို နေရာဆီ ပြန်ရောက်အောင် ပို့ဆောင်ချင်ကြပါတယ် ။ ဒီတော့ မန်နေဂျာသစ်နဲ့ အတူ ကျွန်တော်တို့ ကိုယ်ရှိရမယ့် နေရာဆီ ရောက်အောင် ပို့ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar