Sports Myanmar

ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ တွန်းအားဖြစ်စေခဲ့တဲ့ စတား ၂ဦးရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလာတဲ့ အဒါရာဘိုင်ယို

 

ချဲလ်ဆီး အသင်းဟာ ယမန်နေ့ကပဲ ဖူလ်ဟမ် အသင်းနဲ့ စာချုပ် သက်တမ်းပြည့်သွားတဲ့ မန်စီးတီး အကယ်ဒမီထွက် အင်္ဂလန် နောက်ခံလူ တိုစင် အဒါရာဘိုင်ယိုကို ၄နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလာပါတယ် ။

အသက် ၂၆နှစ် အရွယ်ရှိ အဒါရာဘိုင်ယိုဟာ ချဲလ်ဆီး နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်ထက် ပထမဆုံး ကစားသမားသစ် ခေါ်ယူမှု ဖြစ်ပြီး ၊ ၎င်းဟာ ဖူလ်ဟမ်မှာ ၄နှစ်တာ ကစားခဲ့တဲ့ ကာလ အတွင်း အလယ်အလတ် အသင်း တသင်းက ကစားသမား တယောက် အဖြစ်နဲ့ အတော်လေး စွမ်းဆောင်ပြနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် မန်စီးတီး အကယ်ဒမီမှာတုန်းက လက်ရှိ ချဲလ်ဆီး ကြယ်ပွင့် ကိုးလ်ပါလ်မာနဲ့ နှစ်အတော်ကြာ အတူတွဲကစားခဲ့ဖူးပြီး ၊ စီးတီး ထရိန်နင်တွေမှာ လက်ရှိ ချဲလ်ဆီး တောင်ပံ ကစားသမား ရာဟင်း စတာလင် ၊ မာရက်စ်ကာရဲ့ လက်ထောက် နည်းပြ အဖြစ် ရောက်ရှိလာမယ့် ဂိုးသမားဟောင်း ဝီလီ ကာဘယ်လာရိုတို့နဲ့လည်း အတူ လေ့ကျင်ခဲ့ဖူးပါတယ် ။

မနေ့က ချဲလ်ဆီး ကစားသမားသစ် အဖြစ် မိတ်ဆက် အင်တာဗျူးမှာ အဒါရာဘိုင်ယိုက စတမ်းဖို့ဒ်ဘရစ်ချ်သို့ မပြောင်းလာခင် စတာလင် ၊ ပါလ်မာတို့နဲ့ ဖုန်းပြောဖြစ်ကြောင်းနဲ့ ၎င်းတို့ ၂ဦးက သူ့အပေါ် ဘယ်လိုတွန်းအားတွေ ဖြစ်စေခဲ့လဲ ဆိုတာ အခုလိုပဲ ရှင်းပြလာပါတယ် ။

အဒါရာဘိုင်ယို က ” ကျွန်တော်ဟာ ရက်ဇ် ၊ ဝီလီတို့နဲ့ ၂နှစ် ၊ ၃နှစ်လောက် အတူ ဖြတ်သန်းခဲ့ဖူးပါတယ် ။ ကျွန်တော့ရဲ့ လူငယ် ကစားသမား ဘဝ အချိန်အများစုကို ကိုးလ်နဲ့ အတူ ဖြတ်သန်းခဲ့ဖူးပါတယ် ။ ဒီအပြောင်းအရွှေ့ အတည်မပြုဖြစ်ခင် ရက်ဇ်နဲ့ ကိုးလ်တို့ကို ကျွန်တော် ဖုန်းခေါ်ခဲ့ပါသေးတယ် ။ ”

” ဒါပေမယ့် သူတို့ဆီက ဒီကလပ် ၊ ဒီပရောဂျက်နဲ့ ပတ်သက်ပြီး အပေါင်းလက္ခဏာ ဆောင်တဲ့ အရာတွေ ၊ ကျွန်တော် ချဲလ်ဆီးကို ပြောင်းလာတော့မှာ ဖြစ်လို့ သူတို့ ဘယ်လောက် စိတ်လှုပ်ရှားနေခဲ့ကြလဲ ဆိုတာပဲ ကြားခဲ့ရပါတယ် ။ ”

” ကိုးလ်ဟာ ကျွန်တော့ထက် အသက်ငယ်ပြီး ၊ ငယ်ငယ်တုန်းက ကျွန်တော် သူနဲ့ တွဲကစားခဲ့ရတာတွေကို မှတ်မိပါတယ် ။ တခြား ချဲလ်ဆီး အသင်းသား တချို့နဲ့လည်း ကျွန်တော် ဒီမတိုင်ခင် တွေ့ဆုံခဲ့ဖူးပြီး ၊ ဘန်ချေဝဲလ် ( ချီလီ ) နဲ့ ကျွန်တော်ဟာ လူငယ်အက်ဖ်အေဖလား ဖိုင်နယ်မှာ အသင်းခေါင်းဆောင်တွေ အဖြစ် တာဝန်ယူခဲ့ကြဖူးပါတယ် ။ ”

” နောက်ပြီး ထရက်ဗာ ချာလိုဘာ ၊ အာမန်ဒို ဘရိုဂျာတို့နဲ့လည်း ကျွန်တော် သိပါတယ် ။ အထူးသဖြင့် ဖူလ်ဟမ်မှာ ဘရိုဂျာ အငှားလာကစားဖူးတော့ သူနဲ့ အတူ အချိန်တွေ ကုန်ဆုံးခဲ့ဖူးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး အဒါရာဘိုင်ယို က ” ကျွန်တော်ဟာ အတော်လေး တိုးတက်လာပါပြီ ။ လူကြီး တယောက် ဖြစ်လာသလို ၊ ကိုယ့်ကိုယ်ကိုလည်း ပရီးမီးယားလိဂ် ထိပ်တန်းအဆင့် ခံစစ်မှူး တယောက် ဖြစ်လာဖို့ တည်ဆောက်ထားပါတယ် ။ ဒါကြောင့် ကျွန်တော် ချဲလ်ဆီးကို ပြောင်းရွှေ့လာတာပါ ။ ”

” ခေါင်းဆောင် တယောက် ဖြစ်ဖို့ ဆိုတာ ကျွန်တော့ ပင်ကိုစိတ်မှာကို ရှိပါတယ် ။ ဒါဟာ ခံစစ်မှူး တယောက် အနေနဲ့ ခင်ဗျားမှာ လိုအပ်တဲ့ အရာတခုပါပဲ ။ ဒါဟာ အရေးပါတဲ့ တာဝန်ယူမှု တခုပါပဲ ။ ဒီကို ကျွန်တော် လာချင်ခဲ့ပြီး ၊ အသင်းဖော်တွေကို အတတ်နိုင်ဆုံး တွန်းအားပေးသွားလိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar