Sports Myanmar

မက်ဂွဲယား ဟာ အိုက်စလန် ကို ရှုံးနိမ့်တဲ့ပွဲရဲ့ အဓိက သော့ချက်ဖြစ်တယ်လို့ ရွန်းနီ သုံးသပ်ပြောဆို

 

 

အင်္ဂလန် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီ က ဟယ်ရီ မက်ဂွဲယား မပါဝင်နိုင်မှုဟာ အင်္ဂလန် လက်ရွေးစင် အသင်းအပေါ် သက်ရောက်မှု ရှိလာနိုင်ပြီး အိုက်စလန် နဲ့ ခြေစမ်းပွဲကို ရှုံးနိမ့်ခဲ့တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလည်း ဖြစ်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ ပါတယ် ။ အင်္ဂလန် ဟာ မနေ့ညက ဝင်ဘာလေ ကွင်းကြီးထဲမှာ အိုက်စလန် အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ပြီး ၁-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ် ။

မက်ဂွဲယား ဟာ အင်္ဂလန် နည်းပြ ဆောက်ဂိတ် ရဲ့ အမာခံ ကစားသမား တစ်ယောက်ဖြစ်ပြီး ကလပ်မှာ ပွဲထွက်ခွင့် နည်းပါးနေသည့်တိုင် လက်ရွေးစင် အသင်းမှာ ပုံမှန် ကစားခွင့် ရရှိနေသူ ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီတကြိမ်မှာတော့ မက်ဂွဲယား ဟာ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲကြီးနဲ့ လွဲချော်သွားခဲ့ရပါတယ် ။

မက်ဂွဲယား မပါဝင်တဲ့ အင်္ဂလန် ခံစစ်ကို ပဲလေစ့် က မက် ဂွီဟီ နဲ့ အစားထိုးခဲ့ပြီး ဂျွန်စတုန်း နဲ့ တွဲဖက်ကာ ပွဲထုတ်ခဲ့ပါတယ် ။ အိုက်စလန် ဟာ ပွဲအစ ၁၂ မိနစ်မှာတည်းက အဖွင့်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး အင်္ဂလန် ဘက်က တောက်လျောက် ဖိကစားကာ ကန်သွင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် တစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး ဝင်ဘာလေမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။

“အိုက်စလန် နဲ့ ပွဲမှာ အင်္ဂလန် ခံစစ်ကြောင်းက အနည်းငယ် မတည်ငြိမ်မှုတွေ ၊ ဟန်ချက်မညီမှုတွေ ရှိခဲ့ပါတယ် ။ လက်ရွေးစင် အတွေ့အကြုံ နည်းတဲ့ ကစားသမားအချို့ကြောင့်လည်း ဖြစ်နိုင်မှာပါ ။ ကျွန်တော်တို့ အသင်းက ရှေ့တန်း နဲ့ တိုက်စစ်ကစားသမားတွေရဲ့ နာမည်တွေနဲ့ အားတက်စရာကောင်းပါတယ် ၊ ဒါပေမယ့် နောက်တန်း မလုံဘူးဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး”

“အိုက်စလန် နဲ့ ပွဲဆိုရင် ဟယ်ရီ မက်ဂွဲယား ရဲ့ အရေးပါမှုကို ထင်ထင်ရှားရှား ပြသွားခဲ့ပါတယ် ။ သူမပါဝင်နိုင်တာ အင်္ဂလနိ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ” လို့ ရွန်းနီ က ပြောဆိုသွားခဲ့ ပါတယ် ။

 

ဒီပွဲဟာ ဂျာမနီ နိုင်ငံမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ မတိုင်ခင် အင်္ဂလန် အသင်းရဲ့ နောက်ဆုံး ခြေစမ်းပွဲဖြစ်ပြီး မကြာခင်မှာ ဂျာမနီ ကို ထွက်ခွာ ကြတော့မှာပဲ ဖြစ်ပါတယ် ။ အင်္ဂလန် ဟာ အုပ်စု C မှာ ဆားဘီးယား ၊ ဒိန်းမတ် ၊ စလိုဗေးနီးယား အသင်းတွေနဲ့ တအုပ်စုတည်း ကျရောက်နေပါတယ် ။

 

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar