
ချဲလ်ဆီး အသင်းဟာ အမေရိကန် ပိုင်ရှင်တွေ လက်ထက် တတိယမြောက် အမြဲတမ်း နည်းပြသစ် ခန့်အပ်မှု အဖြစ် လက်စတာ အသင်းကနေ အီတလီလူမျိုး နည်းပြ အန်ဇို မာရက်စ်ကာကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ၅နှစ်စာချုပ်နဲ့ ခေါ်ယူခန့်အပ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ် ။
ပြီးခဲ့တဲ့ ရာသီမတိုင်ခင်ကမှ အာဂျင်တီးနားလူမျိုး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကို ၂နှစ် စာချုပ်နဲ့ တာဝန်ပေးခဲ့ပေမယ့် ၊ အဆင့် ၆ နဲ့ ရာသီသိမ်းစေခဲ့တဲ့ ၎င်းရဲ့ စွမ်းဆောင်ရည် အပြင် အခြားသော နောက်ကွယ်မှ အကြောင်းအရာ မတိုက်ဆိုင်မှုတွေကြောင့် အဆုံးမှာ ၂ဦး၂ဖက် နားလည်မှုနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ် ။

အမေရိကန် ပိုင်ရှင်တွေရဲ့ လက်အောက်မှာ ချဲလ်ဆီးဟာ ၂နှစ် အတွင်း အတော်လေး ဆုတ်ယုတ်လာခဲ့ပြီး ၊ ထပ်ရောက်လာတဲ့ အန်ဇို မာရက်စ်ကာသာ အလုပ်မဖြစ်ရင်တော့ ပရိသတ်တွေထံက ထောက်ခံမှုကို ဘယ်လိုမှ ရနိုင်တော့မယ့်ပုံ မရှိနေတော့ပါဘူး ။
ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်က မာရက်စ်ကာကို စိတ်ရှည်ရှည်နဲ့ စောင့်ကြည့် အချိန်ပေးဖို့ တော့ဒ်ဘိုလီနဲ့ ချဲလ်ဆီး ပိုင်ရှင်တွေထံ တောင်းဆိုရင်း ၊ ပြီးခဲ့တဲ့ ရာသီသိမ်းကောင်းခဲ့ခြင်းနဲ့ ရှေ့ဆက်ဖို့ကို အသင်းဟောင်းထံ အခုလိုပဲ တိုက်တွန်းသွားပါတယ် ။
Talksport သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ လမ်းပတ် က ” ရာသီသိမ်းခါနီးမှာ အပေါင်းလက္ခဏာ ဆောင်တဲ့ အနေအထားကို မြင်ခဲ့ရတာ ကောင်းပါတယ် ။ ကျွန်တော်ဟာ ပြီးခဲ့တဲ့ ရာသီ ကုန်ခါနီး ချဲလ်ဆီးပွဲတွေကို သွားကြည့်ခဲ့ပါသေးတယ် ။ လက်ရှိ ရောက်နေတဲ့ အသင်းရဲ့ အနေအထားနဲ့ တခြား ထိပ်တန်း ကလပ်တွေနဲ့ ကွာဟမှု ကြီးမားခြင်းတွေကြောင့် ဒါက ခက်ခဲတဲ့ တောင်းဆိုမှု ၊ တည်ဆောက်မှု ဖြစ်လာမယ် ဆိုတာ ကျွန်တော် သိခဲ့ပါတယ် ။ ”

” ကွာဟချက်က ရှိနေသေးတာကြောင့် ခင်ဗျားတို့ အနေနဲ့ စိတ်ရှည်ဖို့ လိုပြီး ၊ မန်နေဂျာသစ်ကို အလုပ်လုပ်ခွင့် ပေးဖို့ ၊ အသင်းကို အသေးစိတ် စစ်ဆေးတည်ဆောက်ဖို့ ၊ လိုအပ်ရင် နောက်ထပ် ကစားသမားသစ်တွေပါ ခေါ်ပေးဖို့ လိုပါမယ် ။ ”
” နောက်နှစ် သူတို့ ဘယ်လို ခရီးဆက်ကြမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် ၊ သူတို့ဟာ ရှေ့ရာသီကိုတော့ အပေါင်းလက္ခဏာ ဆောင်တဲ့ အနေအထားနဲ့ အဆုံးသတ်နိုင်ခဲ့တာက ကောင်းပါတယ် ။ နောက်ရာသီ အစမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
လွန်ခဲ့တဲ့ တနှစ်ကျော်က ချဲလ်ဆီးသို့ ယာယီ caretaker နည်းပြ အဖြစ် တလတာ ရောက်လာခဲ့တဲ့ လမ်းပတ် က အနာဂတ် သူ ကိုင်တွယ်မယ့် အသင်းနဲ့ ပတ်သက်ပြီး ” မှန်ကန်တဲ့ အခွင့်အရေးကို ကျွန်တော် ရှာဖွေသွားချင်ပါတယ် ။ ခဏတာ နားလိုက်ရတာကို ကျွန်တော် နှစ်သက်ခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ ဘောလုံး မန်နေဂျာ အလုပ် ဆိုတာ ခင်ဗျားရဲ့ ဘဝကိုပါ ဝါးမြိုနိုင်လို့ပါ ။ ”
” တချို့ ကမ်းလှမ်းမှုတွေ ကျွန်တော် ရခဲ့ပေမယ့် ၊ ကျွန်တော့ အတွက် မကိုက်ညီလို့ပဲ ဖြစ်ဖြစ် ၊ တခြား ဘာအကြောင်းအရင်းတွနဲ့ပဲ ဖြစ်ဖြစ် ကျွန်တော် လက်မခံဖြစ်ခဲ့ပါဘူး ။ ဒါပေမယ့် အခုတော့ ကျွန်တော် အသင့်ပြန်ဖြစ်နေပြီလို့ ခံစားနေရပါတယ် ။ ”

” နောက်ထပ် ဘယ်လို ကမ်းလှမ်းမှုတွေ ရောက်လာမလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့ ။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ဒီမန်နေဂျာ အလုပ်ကို လုပ်ရတာ သဘောကျလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR