Sports Myanmar

ဂန်းနားတို့ရဲ့ ပစ်မှတ် ဒေါက်ဂလပ်စ် လူးဝဇ် အတွက် ဈေးသတ်မှတ် ပေးလိုက်တဲ့ အက်စတန်ဗီလာ

‌

အာဆင်နယ် ၊ ယူဗင်တပ်စ် ၊ အေစီမီလန် အသင်း တို့ရဲ့ အပြိုင် စိတ်ဝင်စားနေကြတဲ့ ဘရာဇီး ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝဇ် အတွက် အက်စတန်ဗီလာ အသင်းဟာ ပေါင် သန်း ၅၀ ဈေးသတ်မှတ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ တုန်းက ဒေါက်ဂလပ်စ်လူးဝဇ် ကို ခေါ်ယူဖို့ သုံးကြိမ် သုံးခါ တိုင်တိုင် ကမ်းလှမ်း ခဲ့ပေမယ့် အောင်မြင် ခဲ့ခြင်း မရှိပါဘူး ။ အဆိုပါ အချိန်တုန်းက ဒေါက်ဂလပ်စ်လူးဝဇ် ဟာ ဗီလာ နဲ့ စာချုပ် သက်တမ်း ၇ လ လောက်သာ ကျန်ရှိတော့တာပါ ။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဘရာဇီးသားဟာ အက်စတန်ဗီလာ နဲ့ စာချုပ် သက်တမ်းတိုးခဲ့ပြီး နည်းပြ အမ်မရီ လက်အောက်မှာ ခြေစွမ်း တစ်ဟုန်ထိုး တိုးတက် ကောင်းမွန် လာခဲ့ပါတယ် ။ လူးဝဇ် ဟာ ပြီးခဲ့တဲ့ ရာသီမှာ အက်စတန်ဗီလာ အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၀ ဂိုးသွင်း ၊ ၁၀ ဂိုး ဖန်တီး နိုင်ခဲ့ပါတယ် ။

အက်စတန်ဗီလာ အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရတာကြောင့် အကျိုးအမြတ် ပိုမို ရရှိဖို့ ရှိနေပေမယ့် ကစားသမားသစ်တွေ ခေါ်ဖို့ဆိုရင် ပရီးမီးယားလိဂ် ရဲ့ PSR စည်းမျဉ်းနဲ့ ကိုက်ညီအောင် အသင်းက ကစားသမားအချို့ကို ရောင်းထုတ်ရဖို့ ရှိနေပါတယ် ။

အီတလီ နှင့် ဘရာဇီး က လာတဲ့ သတင်းတွေအရ အက်စတန်ဗီလာ အသင်းဟာ ဒေါက်ဂလပ်စ် လူးဝဇ် အတွက် ပေါင် သန်း ၅၀ ကမ်းလှမ်းလာပါက ရောင်းထုတ်ဖို့ လမ်းဖွင့် ထားတယ်လို့ သိရပါတယ် ။ လက်ရှိ အချိန်မှာ ယူဗင်တပ်စ် အသင်းဟာ ဒေါက်ဂလပ်စ် လူးဝဇ် ကို ခေါ်ယူဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပြီး သူတို့ရဲ့ အမေရိကန် ကွင်းလယ်လူ မက်ကန်နီ နဲ့ အလဲ အထပ် လုပ်ဖို့တောင် ဆွေးနွေးပြီး ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါသေးတယ် ။

SM

မူရင်းသတင်း — Sports Myanmar