Sports Myanmar

ကော်နာ ဂေါ်လဂါကို ရောင်းချဖို့ ကြိုးစားနေတဲ့ အသင်းဟောင်း အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သွားတဲ့ ချဲလ်ဆီး ကြယ်ပွင့်ဟောင်း

ချဲလ်ဆီး အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း လောလောလတ်လတ်ကမှ ခန့်အပ်ထားတဲ့ နည်းပြသစ် အန်ဇို မာရက်စ်ကာ အတွက် ကစားသမားသစ် တချို့ ဖြည့်တင်းပေးဖို့ ပစ်မှတ်ထားနေရာ ၊ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်း အတွင်းကနေပဲ ခေါ်ယူမှုတွေ လုပ်ဖို့ ကြိုးပမ်းလျက်ရှိပါတယ် ။

ဒီအတွက်ကြောင့် ချဲလ်ဆီး ပိုင်ရှင်တွေဟာ အကယ်ဒမီထွက် Homegrown ကစားသမား တချို့ကို ရောင်းချဖို့ စဉ်းစားနေပြီး ၊ ၎င်းတို့အပေါ် ကမ်းလှမ်းမှုတွေကိုလည်း လက်ခံ စဉ်းစားပေးသွားဖို့ အသင့်ရှိနေပါတယ် ။ လက်ရှိမှာတော့ ပြီးခဲ့တဲ့ ရာသီ ချဲလ်ဆီး အတွက် ပွဲအများဆုံး ကစားပေးခဲ့တဲ့ ကွင်းလယ်လူ ကော်နာ ဂေါ်လဂါဟာ ရောင်းချဖို့ အဟော့ဆုံး ဖြစ်နေတဲ့ ကစားသမား အဖြစ် ရပ်တည်နေပါတယ် ။

ချဲလ်ဆီးနဲ့ စာချုပ် တနှစ်သာ ကျန်တော့တဲ့ ဂေါ်လဂါဟာ မကြာခင်မှာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ အတူ ယူရို ပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်ဖို့ ရှိပြီး ၊ ရာသီကြို ပြင်ဆင်မှု အချိန်ကျမှသာ အနာဂတ် အကြောင်းနဲ့ ပတ်သက်ကာ မာရက်စ်ကာနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးသွားဖွယ် ရှိပါတယ် ။

အသက် ၂၄နှစ် အရွယ်ရှိ ဂေါ်လဂါဟာ ပြီးခဲ့တဲ့ ရာသီ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနို လက်အောက်မှာ အသင်းခေါင်းဆောင် အဖြစ် ပွဲများစွာ တာဝန်ယူ ကစားပေးခဲ့ကာ ၊ နည်းစနစ် အရည်အချင်း အားရဖွယ်မကောင်းသည့်တိုင် ၊ အမြဲတမ်း အသင်း အတွက် ရာနှုန်းပြည့် ကြိုးစား အားထုတ် ကစားပေးတတ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်နေပါတယ် ။

ဒါကြောင့် ချဲလ်ဆီး ပရိသတ် အများအပြားဟာ ဂေါ်လဂါကို စာချုပ်သစ် ချုပ်နိုင်ဖို့ထက် ရောင်းထုတ်ဖို့ ကြိုးစားနေတဲ့ ပိုင်ရှင်တွေရဲ့ အတွေးအပေါ် ဘဝင်မကျလျက် ရှိပါတယ် ။ ချဲလ်ဆီးနဲ့ မန်စီးတီး နောက်ခံလူဟောင်း ဝိန်းဘရစ်ချ်ကလည်း ဒီအကြောင်းနဲ့ ပတ်သက်ကာ အခုလိုပဲ ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ် ။

BetFred နဲ့ တွေ့ဆုံခဲ့ရာမှာ ဘရစ်ချ် က ” ချဲလ်ဆီးဟာ အချိန်တိုင်းမှာ ကျွန်တော့ကို အံ့အားသင့်အောင် လုပ်ပြနေတာပါပဲ ။ ကော်နာ ဂေါ်လဂါ အရောင်းစာရင်းထဲမှာ ပါနေတယ် ဆိုကတည်းက ဒါက နည်းနည်းတော့ ရှက်စရာကောင်းတဲ့ အနေအထား ဖြစ်နေပါပြီ ။ “

” သူဟာ ကိုးလ်ပါလ်မာပြီးရင် သူတို့ရဲ့ ဒုတိယ အကောင်းဆုံး ကစားသမား ဖြစ်လောက်ပါတယ် ။ ဒီသတင်းက အပြောင်းအရွှေ့ ဈေးကွက်ထဲ အတော်လေး အုတ်အော်သောင်းနင်းပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ဝိန်းဘရစ်ချ်က ဂေါ်လဂါကို ထုတ်မရောင်းခင် အရင်ဆုံး အတူ အလုပ်လုပ်ကြည့်ဖို့ မာရက်စ်ကာထံ အခုလိုပဲ အကြံပြုသွားပါတယ် ။

ဘရစ်ချ် က ” သူဟာ ဆုံးဖြတ်ချက် တခုခု မချခင် ကစားသမားတိုင်းကို ရာသီကြို ပြင်ဆင်မှုမှာ ထဲထဲဝင်ဝင် စောင့်ကြည့် လေ့လာ ဆန်းစစ်ဖို့ လိုပါမယ် ။ ဘာတွေ ဖြစ်နေလဲ ဆိုတာ တိတိကျကျ မသိရသေးသ၍ ခင်ဗျားဟာ ဆုံးဖြတ်ချက် တခုကို ခပ်မြန်မြန် ချပစ်လိုက်လို့ ရမယ်လို့ ကျွန်တော် မထင်ပါဘူး ။ “

” ကစားတာ သေသေချာချာ မမြင်ရသေးသ၍ သူ့အနေနဲ့ ဆုံးဖြတ်ချက် ချဖို့ မရေမရာ ဖြစ်လောက်မယ့် ကစားသမား အနည်းငယ် ရှိနိုင်ပါတယ် ။ တခါတလေမှာ မန်နေဂျာ တယောက် အနေနဲ့ ခင်ဗျားဟာ ကစားသမားတွေကို တပတ်ပြီး တပတ် မြင်တွေ့နိုင်ပေမယ့် ၊ တကယ်တမ်း သူတို့နဲ့ အလုပ်လုပ်ကြည့်မှသာ သူတို့ဟာ ခင်ဗျား ထင်သလို မဟုတ်ဘူး ဆိုတာ သတိထားမိပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar