
အာဆင်နယ် အသင်းနည်းပြ အာတီတာ ဟာ နောက်ခံလူ တီယာနေး နဲ့ ပတ်သက်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချထားပြီး ဖြစ်ကာ အသင်း လူစာရင်းထဲ ပြန်လည် ထည့်သွင်းဖို့ အစီအစဉ် မရှိကြောင်း သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။
အာတီတာ ဟာ အာဆင်နယ် အသင်း ကို ရုန်းကန် နေရတဲ့ အသင်း အဖြစ်ကနေ ကမ္ဘာ့အကောင်းဆုံး အသင်း စာရင်းဝင်ထဲ ပါဝင်အောင် ပြုပြင် ပြောင်းလဲ ပေးခဲ့သူပါ ။ အာတီတာ ဟာ အာဆင်နယ် အသင်းနဲ့ အတူ အဓိက ဆုဖလားအောင်မြင်မှုတွေ ရယူ နိုင်အောင် အသင်းကို ဆက်လက် အဆင့်မြင့်တင်ဖို့ ရှိပြီး ထိပ်တန်း အရည်အသွေးရှိ ကြယ်ပွင့်တွေကို ခေါ်ယူ သွားဖို့ ရှိနေပါတယ် ။

ကစားသမားသစ်တွေ ခေါ်ယူ ရာမှာ အထောက်အကူ ဖြစ်စေဖို့ရာ အာဆင်နယ် အသင်းဟာ အသင်းမှာ အသုံးမလိုတော့တဲ့ ကစားသမား အချို့ကို အပြီးသတ် ရောင်းချဖို့ ရှိနေပါတယ် ။ အာဆင်နယ် အသင်း ရောင်းချမယ့် ကစားသမားတွေထဲမှာ တချိန်က အသင်းရဲ့ အဓိက ပွဲထွက် ကစားသမား ဖြစ်ခဲ့တဲ့ စကော့တလန် နောက်ခံလူ တီယာနေးလည်း ပါဝင် နေပါတယ် ။
တီယာနေးဟာ ၂၀၁၉ ခုနှစ်မှာ ဆဲလ်တစ် အသင်းကနေ အာဆင်နယ် အသင်းကို ပေါင် ၂၅ သန်းနဲ့ ရောက်ရှိ လာခဲ့တာ ဖြစ်ပြီး အသင်း ရဲ့ အဓိက နောက်ခံလူ အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့သူပါ ။ ဒါပေမဲ့ ဒဏ်ရာ ပြဿနာတွေရဲ့ ရိုက်ခတ်မှု ၊ မန်စီးတီး အသင်းကနေ ဇင်ချန်ကို ရောက်ရှိလာမှုတို့ကြောင့် တီယာနေး ရဲ့ ပွဲထွက် ကစားခွင့်ဟာ နည်းပါးလာခဲ့ပြီး ဆိုစီဒက် အသင်းထံ အငှား ထွက်ကစားခဲ့ရပါတယ် ။

စကော့တလန် သတင်းစာ Sunday Post ရဲ့ ဖော်ပြချက် အရ အာဆင်နယ် အသင်း ဟာ တီယာနေး အတွက် ပေါင် ၁၀ သန်း ဝန်းကျင် နဲ့ ကမ်းလှမ်းလာပါက လက်ခံ နားထောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။ ပေါင် ၁၀ သန်း ဆိုတဲ့ ပမာဏ ဟာ အာဆင်နယ် အသင်း တီယာနေး ကို ခေါ်ယူစဉ်က ပေးချေ ခဲ့ရတဲ့ ပမာဏ ထက် အများကြီးနည်းနေတာလည်း ဖြစ်ပါတယ် ။
SM