
ဘိုင်ယန်မြူးနစ် အသင်းဟာ ချဲလ်ဆီး အသင်းရဲ့ အသက် ၂၁နှစ် အရွယ်ရှိ အင်္ဂလန် လူငယ် နောက်ခံလူ လီဗိုင်း ကိုဝဲလ်ကို ခေါ်ယူချင်နေကြောင်း နာမည်ကြီး အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုလာပါတယ် ။
သို့ပေမယ့် ကိုဝဲလ်ဟာ ဘိုင်ယန်ရဲ့ နံပါတ်၂ ဦးစားပေး ပစ်မှတ် ခံစစ်မှူး အဖြစ်သာ ရပ်တည်နေပြီး ၊ လေဗာကူဆင်မှ ဂျာမန် လက်ရွေးစင် ခံစစ်မှူး ဂျိုနသန်တာကို ခေါ်ယူနိုင်ခြင်း မရှိမှသာ ကိုဝဲလ်ဖက်သို့ ပစ်မှတ်လှည့်လာဖွယ် ရှိကြောင်း သိရပါတယ် ။

ချဲလ်ဆီးကတော့ ယင်းကော့ဘ်ဟမ်းအကယ်ဒမီထွက် ကြယ်ပွင့်ကို အသင်း ပရောဂျက်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ထည့်သွင်းထားတာကြောင့် ထုတ်ရောင်းဖို့ အစီအစဉ် လုံးဝ မရှိနေပါဘူး ။ ဒီအတွက်ကြောင့် ဘိုင်ယန် အနေနဲ့ ကိုဝဲလ်ကို ခေါ်ယူဖို့ဆိုရင် ကစားသမားဖက်ကို အရင်ဆုံး ချဉ်းကပ်နိုင်ဖို့ ကြိုးစားရဖွယ် ရှိပါတယ် ။
အခြားသော ဥရောပ အင်အားကြီး တသင်း ဖြစ်တဲ့ အေစီမီလန်ဟာ ချဲလ်ဆီး တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း The Sun သတင်းဌာနက ဖော်ပြလာပါတယ် ။ ဘရိုဂျာဟာ လတ်တလောမှာ အဲဗာတန် ၊ ဝုဖ်ဘတ်တို့ရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိထားပါတယ် ။
အေစီမီလန်ဟာ လာမယ့် ရာသီ မတိုင်ခင် ဝါရင့်တိုက်စစ်မှူး အိုလီဗီယာ ဂျရူးကို အလွတ်နဲ့ ထွက်ခွာခွင့် ပြုထားသလို ၊ အရန်တိုက်စစ်မှူး လူကာ ဂျိုဗစ် အပေါ်လည်း ယုံကြည်မှု အပြည့်အဝ မရှိနေတာကြောင့် ၊ ပွဲထွက်တိုက်စစ်မှူး နေရာ အတွက် ဈေးသက်သာပြီး အားထားရမယ့် တိုက်စစ်မှူး တယောက်ကို အလိုရှိနေတယ်လို့ သိရပါတယ် ။

ချဲလ်ဆီးကတော့ ယင်းအယ်ဘေးနီးယား လက်ရွေးစင် ကြယ်ပွင့် အတွက် အပြောင်းအရွှေ့ ဆွေးနွေးမှုတွေကို လမ်းဖွင့်ပေးထားပြီး ၊ အနိမ့်ဆုံး ပေါင်သန်း ၃၀ ဝန်းကျင် အလိုရှိနေပါတယ် ။ မီလန်နဲ့ ချဲလ်ဆီး အကြားမှာ ယခင်က တိုမိုရီ ၊ ရူဘင် လော့ဖ်တပ်စ်ချိခ်နဲ့ ခရစ်တီယန် ပူလီဆစ်တို့ရဲ့ အပြောင်းအရွှေ့တွေ ရှိထားဖူးတာကြောင့် ဆက်ဆံရေးကောင်းတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။
Football Insider သတင်းဌာနရဲ့ အဆိုအရ အသင်းပြောင်းဖို့ သတင်း အတော်ကြီး နေတဲ့ ချဲလ်ဆီး ကွင်းလယ်လူ ကော်နာ ဂေါ်လဂါရဲ့ စာချုပ်ထဲမှာ လာမယ့်နှစ် ဇန်နဝါရီလထဲမှာ ပရီးမီးယားလိဂ် ပြင်ပမှ ကလပ် တသင်းသင်းနဲ့ အပြောင်းအရွှေ့ အကြို သဘောတူညီမှု ယူခွင့် ရှိတဲ့ အချက်ကြောင့် ယင်းအင်္ဂလန်လက်ရွေးစင်ရဲ့ အနာဂတ် အပေါ် ချဲလ်ဆီးဖက်က စိုးရိ်မ်မှုတွေ ရှိနေကြောင်း သိရပါတယ် ။

အီတလီ သတင်းဌာန Corriere Dello Sport ကတော့ လာဇီယို အသင်းဟာ ချဲလ်ဆီး လူငယ် ကြယ်ပွင့် ကွင်းလယ်လူ ချက်ဆာရေး ကာဆာဒေးကို ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းသွားဦးမယ်လို့ ဖော်ပြလာပါတယ် ။ ကာဆာဒေးဟာ ဇန်နဝါရီတုန်းက လက်စတာနဲ့ အငှားစာချုပ် ဖျက်သိမ်းခဲ့ကာ ၊ မိခင်ကလပ် ချဲလ်ဆီးသို့ ပြန်လည်ဆင့်ခေါ်ခြင်း ခံခဲ့ရပေမယ့် ၊ ပွဲထွက်ခွင့် တကြိမ်တခါမှ မရခဲ့ပဲ ၊ လူစားဝင် မိနစ် အနည်းငယ်နဲ့သာ ကျေနပ်ခဲ့ရပါတယ် ။
လက်ရှိမှာ လက်စတာ နည်းပြဟောင်း အန်ဇို မာရက်စ်ကာက ချဲလ်ဆီး နည်းပြသစ် ဖြစ်လာတဲ့ အတွက် ကာဆာဒေး အဖို့ ချဲလ်ဆီးမှာ ဆက်နေဖို့ အလားအလာ ပိုများလာသလို ၊ ယင်းအီတလီလူမျိုး နည်းပြ မျက်စိကျစေမယ့် စွမ်းဆောင်ရည်မျိုး ထုတ်ပြဖို့ ရာသီကြို ပြင်ဆင်မှုတွေမှာ စိတ်အားထက်သန်နေဖို့ ရှိပါတယ် ။
ချဲလ်ဆီးရဲ့ ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကစားသွားတဲ့ မော်ရီတန်နီးယား အသင်းနဲ့ ကမ္ဘာ့ဖလား အုပ်စုအဆင့် ခြေစစ်ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ရသွားခဲ့ပြီး ၊ ၎င်းအနေနဲ့ ခြင်္သေ့ပြာတို့ရဲ့ ရာသီကြို ပြင်ဆင်မှု အစီအစဉ် အမှီ ပြန်မကောင်းမှာကို ကလပ်ဖက်က စိုးရိမ်မှုတွေ ရှိနေကြောင်း Daily Mail သတင်းဌာနက ဖော်ပြလာပါတယ် ။

SPORTS MYANMAR