
ဂျာမနီက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသွားမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဟာ လာမယ့် ရက်ပိုင်းအတွင်း စတင်သွားဖို့ ရှိပြီး ၊ နာမည်ကြီး အင်္ဂလန်ဟာ မကြာခင်ကပဲ ဂျာမနီက ထရိန်နင် camp သို့ ရောက်ရှိလာပြီ ဖြစ်ပါတယ် ။
လက်ရှိ အင်္ဂလန် အသင်းဟာ ၂၀၂၁တုန်းက ဗိုလ်လုပွဲ အထိ တက်လှမ်းခဲ့တဲ့ အင်္ဂလန်ထက် တိုက်စစ် အရည်အသွေး သိသိသာသာ ကောင်းလာတဲ့ အပြင် ၊ အားထားရမယ့် ၊ အဆုံးအဖြတ် ပေးနိုင်တဲ့ ကြယ်ပွင့် ကစားသမား တချို့လည်း ရှိနေတာကြောင့် ဒီတကြိမ်မှာတော့ အင်္ဂလန်တို့ ဗိုလ်စွဲဖို့ ပရိသတ် အများအပြားက မျှော်မှန်းထားကြပါတယ် ။

ယင်းဒိတ်ဒိတ်ကြဲ ကြယ်ပွင့်တွေထဲမှာ ရီးရဲလ်မက်ဒရစ်မှ ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဂမ်လည်း တဦး အပါအဝင် ဖြစ်ပြီး ၊ ဒေါ့မွန်ကနေ စပိန်မြေသို့ ရောက်ရောက်ချင်းမှာပဲ လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလားတွေ ဆွတ်ခူးနိုင်ခဲ့ကာ ၊ အဓိက အခန်းကဏ္ဍကနေ အထူး ခြေစွမ်းပြခဲ့ပါတယ် ။
Los Blancos တို့ အတွက် ပြိုင်ပွဲစုံ ၂၃ဂိုး အထိ သွင်းယူပေးခဲ့တဲ့ ဘယ်လင်ဂမ်သာ ဒီယူရိုမှာ အင်္ဂလန်နဲ့ အတူ ချန်ပီယံ ဖြစ်ခဲ့ရင် ၊ Ballon D’Or ဆုကို အသက် ၂၀ အရွယ်နဲ့ မျှော်မှန်းလို့ ရသွားမှာ ဖြစ်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ၎င်းဟာ ဒီယူရိုမှာ အင်္ဂလန်ရဲ့ ကျောရိုး ကစားသမား အဖြစ် အားထားရမှာတော့ ကျိန်းသေနေပါတယ် ။
ယူရို ပြီးတာနဲ့ ကစားသမား ဘဝကနေ အနားယူဖို့ ဆုံးဖြတ်ထားတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ဂျာမန် လက်ရွေးစင် ဝါရင့်ကွင်းလယ်လူ တိုနီ ကရူးစ်ကတော့ ဘယ်လင်ဂမ် အနေနဲ့ ယူရိုမှာ ကြီးမားတဲ့ ဖိအားတွေကို မကိုင်တွယ်နိုင်စရာ အကြောင်း မရှိကြောင်း ထင်မြင်ချက်ပေးခဲ့ပေမယ့် ၊ အင်္ဂလန်ကို ပြိုင်ပွဲရဲ့ ချန်ပီယံ မဖြစ်စေချင်ကြောင်း အခုလို ဖွင့်ဟလာပါတယ် ။

ကရူးစ် က ” ကျွန်တော်ဟာ ဂျုဒ်နဲ့ တနှစ်ကြာ အတူ ကစားခဲ့ပြီး ၊ သူ့အသက်က ဘယ်လောက်လဲ ဆိုတာ မေးယူခဲ့ရတဲ့အထိပါပဲ ။ သူဟာ အသက် ၂၀သာ ရှိသေးပေမယ့် ၊ အသက် ၂၀ ထက် ပိုပြီး ရင့်ကျက်တဲ့ ပုံစံမျိုး ပေါက်နေတယ်လို့ ခံစားရပါတယ် ။ အထူးသဖြင့် ဘောလုံး ကွင်းပြင်မှာပေါ့ ။ ”
” အင်္ဂလန်မှာ သူ့အပေါ် ဘယ်လောက်အထိ အားကိုးနေတယ် ၊ ဘယ်လိုထိ မျှော်ကိုးနေတယ် ဆိုတာက သူ့ရဲ့ အရည်အသွေးတွေ အကြောင်းကို ပြောပြနေပါပြီ ။ ရီးရဲလ်မှာ သူဟာ စရောက်ရောက်ချင်း အဖွင့် ရက်သတ္တပတ် အနည်းငယ်မှာပဲ တိုက်ရိုက် အဆုံးအဖြတ် ပေးနေခဲ့ပါပြီ ။ ”
” သူ့ရဲ့ အရေးပါမှုက အသင်းရဲ့ တိုးတက်မှုနဲ့ တိုက်ရိုက် အချိုးကျနေတာကြောင့် သူ့မှာ ဘာပြဿနာမှ ရှိနေတယ်လို့ ကျွနတော် မခံစားရပါဘူး ။ မျှော်လင့်ချက်တွေ သူ့အပေါ် အများကြီး ထားထားတယ် ဆိုတာ သူ ဘယ်လောက်တော်လဲကို ဖော်ပြနေပါတယ် ။ ”

” အသက် ၂၀ အရွယ်နဲ့တင် ဒီလို ပင်ကိုဟန်မျိုး ပိုင်ဆိုင်ထားတယ် ဆိုတာ ၊ သူ့အတွက် ဖိအားဒဏ်ကို မခံနိုင်စရာ အကြောင်း မရှိဘူးပါဘူး ။ ဒီယူရိုမှာ သူ ခြေစွမ်းပြနိုင်ဖို့ ကျွန်တော် သူ့ကို ဆုတောင်းပေးပေမယ့် ၊ အင်္ဂလန်ကို ပြိုင်ပွဲရဲ့ တကွေ့ကွေ့မှာ ထွက်ရဖို့တော့ ကျွန်တော် မျှော်လင့်နေမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR