Sports Myanmar

သူ့ရဲ့ ကစားသမား ဘဝ တလျှောက် ရင်ဆိုင်ရ အခက်ခဲဆုံး နောက်ခံလူရဲ့ အမည်ကို ထုတ်ဖော်လာတဲ့ ဂတ်ပို

 

လီဗာပူး အသင်းရဲ့ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ကိုဒီ ဂတ်ပိုဟာ ပြီးခဲ့တဲ့ ESPN သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ သူ့ရဲ့ ကစားသမား ဘဝ တလျှောက် ရင်ဆိုင်ခဲ့ဖူးသမျှ အခက်ခဲဆုံး နောက်ခံလူက ဘယ်သူလဲလို့ အမေးမြန်းခံခဲ့ရပြီး ၊ ၎င်းက ပြီးခဲ့တဲ့ ရာသီ အကုန်မှာ ချဲလ်ဆီးနဲ့ လမ်းခွဲခဲ့တဲ့ ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားလို့ အခုလိုပဲ ဖြေကြားခဲ့ပါတယ် ။

ဂတ်ပို က ” သူဟာ လီဗာပူးကို ရောက်ခါစ ကျွန်တော် ပထမဆုံး ကစားခဲ့ရတဲ့ ပွဲတွေမှာ ထိပ်တိုက် တွေ့ခဲ့တဲ့ ပြိုင်ဖက် နောက်ခံလူ တဦးပါပဲ ။ သူဟာ တကယ် ပါးနပ်ပြီး ၊ အခုအချိန်မှာ အနည်းငယ် အသက်ကြီးနေပြီ ဖြစ်ပေမယ့် ၊ အရမ်း ပရော်ဖက်ရှင်နယ်ဆန်ပြီး ၊ ပါးနပ်တဲ့ ၊ ရှေ့ကို ခြေလှမ်း အနည်းငယ် ကြိုတွေးနိုင်တဲ့ နောက်ခံလူ ဖြစ်ပါတယ် ။ ”

” ကျွန်တော် သူနဲ့ တဦးချင်း တွန်းတွန်းတိုက်တိုက် ယှဉ်ကစားခဲ့ရတာ ရှိမရှိ ကျွန်တော် မမှတ်မိတော့ပေမယ့် သူဟာ နေရာတိုင်းမှာ ရှိနေခဲ့တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ အသက် ၄၀ ပြည့်တော့မယ့် ဆေးလ်ဗားဟာ ချဲလ်ဆီး အတွက် ၄နှစ်တာ ကာလအတွင်း ပွဲပေါင်း ၁၅၅ပွဲ အထိ ကစားပေးခဲ့ပါတယ် ။

ပီအက်စ်ဂျီကနေ ထွက်ခွာလာပြီးနောက် ချဲလ်ဆီးသို့ ရောက်ရောက်ချင်းနှစ်မှာပဲ ဆေးလ်ဗား တယောက် ကစားသမား ဘဝ ပထမဆုံး အကြိမ် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ နောက်ဆုံး ၂ရာသီမှာ အသင်းအတွင်း အပြောင်းအလဲ များစွာနဲ့ မတည်မငြိမ် ဖြစ်ခဲ့ချိန်မှာတောင် ၎င်းဟာ ချဲလ်ဆီးကို အကောင်းဆုံး ဆွဲတင်ပေးနိုင်ခဲ့ပါတယ် ။

အခုအခါမှာတော့ ဆေးလ်ဗားဟာ ငယ်ဘဝကလပ် ဖလူမီးနိစ် အသင်းသို့ ပြန်လည် ရောက်ရှိနေကာ ၊ လက်ကျန် ကစားသမား ဘဝကို ကျော်ဖြတ်ပြီး အနားယူသွားဖို့ ရှိပါတယ် ။ ရီယိုဒီဂျနေးရိုးမြို့မှာ ပြုလုပ်ခဲ့တဲ့ မိတ်ဆက်ပွဲမှာ ဆေးလ်ဗားက ဘရာဇီးမှ သူ့ရဲ့ ပရိသတ်တွေကို အခုလိုပဲ ကြိုဆိုစကား ဆိုသွားခဲ့ပါတယ် ။

ဆေးလ်ဗား က ” ခင်ဗျားတို့ရဲ့ ဘဝက စပါယ်ရှယ် အချိန်တွေကို ယူပြီး ကျွန်တော်နဲ့ အတူ ဒီနေ့မှာ ရှိပေးကြတာ ကျေးဇူးတင်ပါတယ် ။ ကိုယ့်နေအိမ်ကို ပြန်လာရတာ ကျွန်တော့ အတွက် ဘယ်လောက်ထိ စပါယ်ရှယ် ဖြစ်တယ် ဆိုတာ ခင်ဗျားတို့ သိကြမှာ မဟုတ်ပါဘူး ။ ဒီနေ့လို နေ့မျိုး ဖြစ်လာလိမ့်မယ် ဆိုတာ ကျွန်တော် ယုံကြည်နေခဲ့ပါတယ် ။ ”

” ကျွန်တော့ မိသားစုကတော့ လန်ဒန်မှာ ကျန်ရစ်နေခဲ့တာ ခင်ဗျားတို့လည်း သိကြမှာပါ ။ ဒါပေမယ့် ဒီနေ့ မိတ်ဆက်ပွဲဟာ ခင်ဗျားတို့လို ပရိသတ်တွေနဲ့ ဘောလုံး အတွက် ချစ်ခြင်းမေတ္တာ သရုပ်ဖော်ပြပွဲ တခုပါပဲ ။ ”

” ကျွန်တော့ကို ဒီအရေးပါတဲ့ ဂျာစီ ပြန်ဝတ်ခွင့်ပေးတဲ့ ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်လိုပါတယ် ။ ကျွန်တော် ဒုတိယအကြိမ်မြောက် ဒီဂျာစီကို ဝတ်ဆင်ခွင့် ရလို့ အရမ်း ဂုဏ်ယူမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆေးလ်ဗားဟာ အခုကတည်းက နည်းပြ လိုင်စင် လျှောက်နိုင်ဖို့ ကြိုးပမ်းနေတာကြောင့် ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝက အနားယူသွားခဲ့ရင်တောင် နည်းပြ အနေနဲ့ ပြန်လာဖို့ ပစ်မှတ်ထားနေပြီး ၊ ချဲလ်ဆီးကိုလည်း သူ တချိန်တခါမှာ အရောက် ပြန်လှမ်းလိုကြောင်း ဖွင့်ဟခဲ့ဖူးပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar