
အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဟက်စကီး က ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အာဆင်နယ် ဂိုးသမား ရမ်စ်ဒေးလ် ကို ရွေးချယ်ခဲ့တဲ့ နည်းပြ ဆောက်ဂိတ် ရဲ့ ဆုံးဖြတ်ချက် ဟာ မှားယွင်းကြောင်း ဝေဖန် ပြောဆို သွားခဲ့ပါတယ် ။
ရမ်စ်ဒေးလ် ဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ် အတွက် ၁၀ ပွဲ သာ ကစားခွင့် ရခဲ့ပေမယ့် ဂျာမနီ မှာ ကစားမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန် အသင်း လူစာရင်းမှာ ရွေးချယ် ခံရတာ ဖြစ်ပါတယ် ။ ရမ်စ်ဒေးလ် ဟာ နှစ်ရာသီဆက် အာဆင်နယ် အသင်း ရဲ့ အဓိက ဂိုးသမား ဖြစ်ခဲ့ပေမယ့် ရာယာ ရောက်ရှိလာမှု နဲ့ အတူ ပြီးခဲ့တဲ့ ရာသီ ပွဲအများစုမှာ အရန်ခုံသာ ထိုင်ခဲ့ရပါတယ် ။

ဒီနွေရာသီမှာ အာဆင်နယ် အသင်းဟာ ရမ်စ်ဒေးလ် ကို ရောင်းထုတ်တော့မယ်လို့ သတင်းတွေကြီးနေပြီး အာဆင်နယ် အသင်းဘက်က ပေါင် သန်း ၃၀ ဈေးသတ်မှတ် ထားပါတယ် ။ အာဆင်နယ် အသင်းမှာ နေရာမရပေမယ့် ရမ်စ်ဒေးလ် ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန် အသင်း လူစာရင်းမှာ ပစ်ဖိုဒ့် ၊ ဟန်ဒါဆန် တို့နဲ့ အတူ ရွေးချယ် ခံခဲ့ရပါတယ် ။
ဂန်းနား ကွင်းလယ်လူဟောင်း ပီတစ် က Gambling dot com မှာ ဟက်စကီးကို ” ကျနော် ခင်ဗျားကို တစ်ခု မေးစရာ ရှိတယ် ၊ တစ်ရာသီလုံး မကစားရတဲ့ ရမ်စ်ဒေးလ် လို ကစားသမား က ဘယ်လို ဖြစ်ပြီး ရွေးချယ် ခံရတာလဲ ၊ တစ်ချက် ဖြေကြည့်ပါဦး ”
ဟက်စကီး က ပီတစ် ရဲ့ မေးခွန်း အပေါ် ” ဆောက်ဂိတ် က ရမ်စ်ဒေးလ် ရဲ့ အရည်အသွေးကိုပဲ ကြည့်ပြီး ရွေးလိုက်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ အသင်းမှာ ထရက်ဖိုဒ့် ကို ရွေးချယ်လို့ ရတယ် ဆိုပေမယ့် သူက အသက် ၂၁ နှစ်အောက် လူငယ် ကစားသမားပါ ။ ခင်ဗျားဆိုရင်ရော လူငယ် ကစားသမား တစ်ဦး ကို ဒုတိယ သို့မဟုတ် တတိယ ဦးစားပေး ကစားသမား အဖြစ် ရွေးမှာလား ။ ”

” သူက ကစားခွင့် လည်း ရမှာ မဟုတ်တော့ အသင်း ပတ်ဝန်းကျင် မှာ ရှိနေရုံပါပဲ ။ ” ဆက်လက်ပြီး ပီတစ် က ” ရမ်စ်ဒေးလ်ရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး ကျနော် မစိုးရိမ်မိပါဘူး ။ ဒါပေမဲ့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အပေါ် ကျနော် စိုးရိမ်ပါတယ် ၊ သူက ခက်ခဲတဲ့ ဘောလုံး ရာသီ တစ်ခုကို ဖြတ်သန်း ခဲ့ရတာပါ ။ ”
” သူ့ကို အရန်ခုံမှာ မြင်ရတာ တကယ့်ကို ရှက်စရာ ကောင်းပါတယ် ။ ဂိုးသမား က တခြား နေရာက ကစားသမားတွေ နဲ့ မတူပါဘူး ။ စိတ်ပိုင်းဆိုင်ရာ သန်မာဖို့ လိုပါတယ် ၊ ပြီးခဲ့တဲ့ ရာသီ အပြီးမှာ ပစ်ဖိုဒ့် ဒဏ်ရာ ရရင် ရမ်စ်ဒေးလ် က အံဝင်ခွင်ကျ ကစားနိုင်ပါ့မလား ဆိုတာ ကျနော် မေးခွန်း ထုတ်ချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM