Eleven Media Group

■ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်

Photo: Opta

■ အုပ်စု (C)
■ အင်္ဂလန်

- သမိုင်းကြောင်း
ဘောလုံးဘိုအေ အင်္ဂလန်၏ နိုင်ငံတကာပြိုင်ပွဲ အောင်မြင်မှုက အလွန်ရှားပါးလှသည်။ ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲစသည့် မေဂျာပြိုင်ပွဲနှစ်ရပ်တွင် အိမ်ရှင်အဖြစ်ကျင်းပသည့် ၁၉၆၆ ကမ္ဘာ့ဖလားတစ်ကြိမ်သာ ဗိုလ်စွဲခဲ့ဖူးသည်။ ယူရိုပြိုင်ပွဲတွင်မူ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၀ ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သည်သာ သမိုင်းတစ်လျှောက် အမြင့်ဆုံးအောင်မြင်မှု ဖြစ်ခဲ့သည်။ ယင်းမတိုင်မီ ယူရိုပြိုင်ပွဲများတွင် ၁၉၆၈ နှစ်က တတိယနှင့် အိမ်ရှင်အဖြစ်ကျင်းပသည့် ၁၉၉၆ ခုနှစ်က ဆီမီးဖိုင်နယ် ရောက်ရှိခဲ့သည်က အအောင်မြင်ဆုံး ဖြစ်ခဲ့သည်။ ယခင်ကာလများက အင်္ဂလန်အသင်းဆိုလျှင် နာမည်ကြီးသကဲ့သို့ ဖြစ်ဖြစ်မြောက်မြောက် လုပ်ပြနိုင်ခြင်းမရှိသည့်အသင်းအဖြစ် မှတ်ယူခဲ့ကြသော်လည်း လက်ရှိမျိုးဆက်ကြောင့် ချန်ပီယံဖလားကို စိန်အခေါ်နိုင်ဆုံး စာရင်းတွင် ထိပ်ဆုံးတန်းတစ်နေရာမှ ပါဝင်လာနိုင်ခဲ့သည်။

လက်ရှိအနေအထား
ယူရို-၂၀၂၄ ပြိုင်ပွဲ ချန်ပီယံရေပန်းစားမှုတွင် အင်္ဂလန်အသင်းက ထိပ်ဆုံးနေရာတွင်ရှိခဲ့သည်။ လက်ရှိကစားသမားစုဖွဲ့မှုနှင့်လည်း အင်္ဂလန်အသင်း ယင်းနေရာတွင် ထားရှိခဲ့ရခြင်းမှာ ထိုက်တန်သည်ဟု အများစုက ယူဆခဲ့ကြသည်။ သို့သော် အင်္ဂ လန်အသင်းမှာလည်း အားနည်းချက်အချို့ ရှိနေသည်။ ဘယ် နောက်ခံနေရာက အဓိကမီးမောင်းထိုးပြစရာဖြစ်ပြီးခံစစ်ပိုင်းက ဒေါင်ဒေါင်မြည်အနေအထားမဟုတ်။ ဆောက်ဂိတ်က ၄-၂-၃-၁ ကစားကွက်ကို ဆက်သုံးမည်မှာ သေချာပြီး ဘရာဇီးလ်နှင့်ပွဲမှ ပွဲထွက်ကစားသမားများနှင့် အဓိကထားတည်ဆောက်မည် ဖြစ်သည်။ ဘယ်လင်ဟမ်၏ အကောင်းဆုံးနေရာအတွက် အန်ဆယ်လော့တီကို ဆောက်ဂိတ် ကျေးဇူးတင်သင့်ပြီး တောင်ပံနှစ်ဖက်မှာ ဆာကာနှင့်ဖိုဒန်တို့ ပွဲထွက်ခွင့်သေချာသလောက်ရှိသည်။ ဆောက်ဂိတ်အတွက် ချန်ပီယံရေပန်းအစားဆုံး ဖိအားဒဏ်ကို တွန်းလှန်နိုင်ရန်သာ လိုအပ်သည်။

အုပ်စုအလားအလာ
အင်္ဂလန်အသင်း ကျရောက်နေသည့် အုပ်စု အနေအထားအရလည်း နောက်တစ်ဆင့်တက်ရောက်ခွင့်အတွက် အခက်အခဲမရှိသလောက်ပင်ဖြစ်သည်။ သို့သော် ကစားသမားကောင်းအချို့ရှိသည့် ဆားဘီးယား၊ ဒိန်းမတ်အသင်းများနှင့် ပထမဆုံး နှစ်ပွဲဆက် ကစားရမည့်အခြေအနေက အင်္ဂလန်အသင်းအတွက် သတိထားစရာပင်။ အုပ်စုပထမနေရာရမှ ပိုကောင်းမွန်သည့် ဗိုလ်လုပွဲလမ်းကြောင်းကို ပိုင်ဆိုင်နိုင်မှာဖြစ်သည်။ အားလုံးစောင့်ကြည့်နေသည့်အင်္ဂလန်အသင်းအတွက် အနိမ့်ဆုံး ဆီမီးဖိုင်နယ် အဆင့်ရောက်ထားမှ ပရိသတ်ကျေနပ်နိုင်မည့် အနေအထားတွင် ရှိသည်။ အရည်သွေးရှိကြယ်ပွင့်ကစားသမားများကို ပိုင်ဆိုင်ထားသည့်အင်္ဂလန်အသင်းအနေဖြင့် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့လျှင်လည်း အံ့အားသင့်စရာ မရှိချေ။


■ ဒိန်းမတ်
ဒိန်းမတ်အသင်းဆိုလျှင် ယူရိုပြိုင်ပွဲသမိုင်းတွင် ၁၉၉၂ ပြိုင် ပွဲ အောင်မြင်မှုက ပြောစမှတ်ဖြစ်ခဲ့ပြီး အခြားပြိုင်ပွဲများတွင်လည်း မထင်မှတ်သည်များ လုပ်ပြတတ်သည့်အသင်းဖြစ်သည်။ နောက်ဆုံး ကျင်းပထားသော ၂၀၂၀ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်တက်ရောက်ထားပြီး ၁၉၈၄ ပြိုင်ပွဲတွင်လည်း နောက်ဆုံးလေးသင်းစာရင်း ဝင်ခဲ့ဖူးသည်။ ဟွိုင်လန်းကဲ့သို့ ကစားသမားမျိုး ပေါ်ထွက်လာသည်က ဒိန်းမတ်အသင်း၏ ကာလကြာရှည် No.9 ပြဿနာကို အထိုက်အလျောက် ဖြေရှင်းခဲ့ပြီးဖြစ်သည်။ ဒိန်းမတ်အသင်း လူစာရင်းကိုကြည့်လျှင် စဉ်ဆက်မပြတ် တွဲကစားခဲ့သူများသောကြောင့် အသင်းလိုက်တည်ငြိမ်မှုပိုင်းက တစ်ပန်းသာနေသည်။ အုပ်စုအဖွင့်ပွဲတွင် အားအနည်းဆုံးနှင့် ခြေစစ်ပွဲအဆင့်တွင် ဆုံတွေ့ခဲ့သည့် ဆလိုဗေးနီးယားနှင့် ရင်ဆိုင်ရခြင်းက အခွင့်အရေးတစ်ရပ်ဟု ဆိုနိုင်ပေသည်။ အုပ်စု ဒုတိယနေရာ အတွက်ဆားဘီးယားအသင်းနှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိပြီး ကစားသမားပိုင်းက သမ္ဘာနှင့်အတွေ့အကြုံပိုများသောကြောင့် ဒိန်းမတ်အတွက် အလားအလာ ပိုကောင်းနိုင်ခြေရှိနေသည်။

■ ဆားဘီးယား
ဆားဘီးယားအမည်ဖြင့် ရပ်တည်ပြီးနောက် ယူရိုပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်လာခြင်းလည်းဖြစ်သည်။ နောက်ဆုံးယှဉ်ပြိုင်ထားမှုမှာ ၂၀၀၀ ပြိုင်ပွဲတွင် ယူဂိုဆလားဗီးယားအမည်နှင့်ဖြစ်ပြီး ကွာတားဖိုင်နယ်တက်ရောက်ခဲ့သည်။ အောင်မြင်မှုရရှိခဲ့သည်က ယူရိုပြိုင်ပွဲအစောပိုင်းကာလများတွင် ဖြစ်သည်။ ဆားဘီးယားအသင်း လူစာရင်းကိုကြည့်လျှင် အသင်း တိုက်စစ်ပိုင်းကယခုနှစ်များအတွင်း စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ မီထရိုဗစ်၊ ဗလာဟိုဗစ်၊ ယိုဗစ်တို့ ရှိနေမှုက ထိပ်တန်းအဆင့် အင်အားစုကို ပိုင်ဆိုင်ထားသည်။ ဆားဘီးယားအနေဖြင့် ကစားသမားပိုင်းအရ ဟန်ချက်ညီသည့်အသင်းဟု ဆိုနိုင်သော်လည်း အားနည်းချက်အချို့ ရှိနေသည်။ စိတ်ဓာတ်ရေးရာပိုင်းအားနည်းပြီး ကစားသမားကောင်းအချို့ရှိသော်လည်း မျှော်မှန်းထားသည့် အဆင့်တစ်ခုတွင် ရှိမနေခြင်းမှာယင်းကြောင့်ပင်ဖြစ်သည်။ ဆားဘီးယားအနေဖြင့်အမြင့်ဆုံးဒုတိယနေရာသာမျှော်လင့်နိုင်သည်။

■ ဆလိုဗေးနီးယား
ဆလိုဗေးနီးယားက ယူဂိုဆလားဗီးယားပြည်ထောင်စုမှ ခွဲထွက်ပြီးနောက် ယူရိုပြိုင်ပွဲများတွင် ၂၀၀၀ ပြိုင်ပွဲ တစ်ကြိမ်သာ ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ဆလိုဗေးနီးယားအနေဖြင့် ဇာဟိုဗစ် ဦးဆောင်မှုနှင့်အိမ်ဖြည့်မဟုတ်သည့် ခြေစွမ်းကို ပြသနိုင်ခဲ့သည်။ ထိုစဉ်က ယခင် တစ်နိုင်ငံတည်းအောက်မှ ယူဂိုဆလားဗီးယား (ယခု ဆားဘီးယား)နှင့် တစ်အုပ်စုတည်းကျခဲ့ပြီး ယခုပြိုင်ပွဲတွင်လည်း ဆားဘီးယားနှင့်တွေ့ဆုံလျက်ရှိသည်။ ၂၀၂၄ပြိုင်ပွဲဝင်မည့် ဆလိုဗေးနီးယားအသင်းက ယခင်မေဂျာပြိုင်ပွဲဝင်ခဲ့သည့် အသင်း များထက် လူအင်အား ပိုတောင့်တင်းနေသည်။ အက်သလက် တီကိုဂိုးသမား အိုဘလက်ခ်၊ အာဆင်နယ်ပစ်မှတ် ရှက်ရှကိုအပြင် ဥရောပထိပ်တန်းလိဂ်များမှာ ကစားနေသူအချို့နှင့်ဖွဲ့စည်းထား သည်။ အုပ်စုတွင်းအားအနည်းဆုံးအဖြစ် သတ်မှတ်ခံထားရသော်လည်း ဆလိုဗေးနီးယားအသင်းအတွက်အကောင်းဆုံး တတိယနေရာ မျှော်လင့်ချက်ရှိနေမှာ သေချာသည်။

မူရင်းသတင်း — Eleven Media Group