
ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းခါနီးမှာ မန်စီးတီး အသင်းကနေ အင်္ဂလန် ကြယ်ပွင့် တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာကို ပေါင်သန်း ၄၀နဲ့ ခေါ်ယူခဲ့ပြီး ၊ ၎င်းဟာ ခြင်္သေ့ပြာတို့ အတွက် ပြီးခဲ့တဲ့ နှစ်ရဲ့ အကျိုးအပြုဆုံး ကစားသမား ဖြစ်ခဲ့ပါတယ် ။
ပါလ်မာဟာ ချဲလ်ဆီး အတွက် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၂၂ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၂ကြိမ် အထိ ပံ့ပိုးပေးခဲ့သလို ၊ ကိုယ်တိုင်လည်း PFA တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ကာ ၊ အခြား တဦးချင်းဆုပေါင်း အမြောက်အမြားကို ရရှိခဲ့ပါတယ် ။

စီးတီး အကယ်ဒမီမှာ ပါလ်မာ ကစားတာ မြင်ဖူးခဲ့တဲ့ ပရီးမီးယားလိဂ် ဂန္တဝင် တိုက်စစ်မှူးဟောင်း ဆာဂျီယို အဂွဲရိုးက ပါလ်မာ တယောက် ချဲလ်ဆီးမှာ စရောက်ရောက်ချင်း နှစ်အတွင်းမှာ တမဟုတ်ချင်း အံဝင်ခဲ့တာကို အတော်လေး အံ့သြရကြောင်း Stake ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။
အဂွဲရိုး က ” ကိုးလ်ပါလ်မာရဲ့ ပင်ကိုအရည်အချင်းတွေကို ကျွန်တော် အစောဆုံး မြင်ဖူးခဲ့တာကြောင့် သူ ခြေစွမ်းပြနေတာကို ကျွန်တော် မအံ့သြပါဘူး ။ ဒါပေမယ့် အသင်းသစ် တသင်းမှာ သူ ဒီလောက် မြန်မြန်ကြီး အံဝင်အောင် လုပ်ဆောင်နိုင်ခဲ့တာက ကျွန်တော့ကို တကယ် ရှော့ခ်ရစေခဲ့ပါတယ် ။ ”
” ပုံမှန်အားဖြင့် ကစားသမားတွေ အတွက် ဒီလိုမျိုး လုပ်ဆောင်နိုင်ဖို့ တကယ် ခက်ခဲပါလိမ့်မယ် ။ သူ့ရဲ့ တိုးတက်မှုတွေက လုံးဝ ယှဉ်မရအောင် ကောင်းနေတာကို သူ ချဲလ်ဆီးက ပထမဆုံး ဘောလုံးရာသီမှာ ရခဲ့တဲ့ သွင်းဂိုးတွေ ၊ ဖန်တီးမှုတွေ အပေါ် ကြည့်ပြီး ခင်ဗျား ပြောနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
တဖက်မှာ ပါလ်မာကို စင်တင်ပေးခဲ့တဲ့ နည်းပြ မော်ရစ်စီယို ပိုချက်တီနို တယောက် ပြီးခဲ့တဲ့ ရာသီ ပြီးပြီးချင်း ရက်ပိုင်း အကြာမှာပဲ ထွက်ခွာခဲ့တာကြောင့် ၊ ချဲလ်ဆီး ပိုင်ရှင်တွေဟာ လက်စတာကို ချန်ပီယံရှစ် ချန်ပီယံ အဖြစ်နဲ့ ပရီးမီးယားလိဂ်သို့ တန်းတင်ပေးနိုင်ခဲ့တဲ့ နည်းပြ အန်ဇို မာရက်စ်ကာကို ၅နှစ်စာချုပ်နဲ့ ခေါ်ယူထားပါတယ် ။
စီးတီး အကယ်ဒမီမှာ သာမက ၊ လက်ရှိ စီးတီး နည်းပြ ပက်ဂွာဒီယိုလာ လက်အောက်မှာ အလုပ်လုပ်ဖူးတဲ့ မာရက်စ်ကာရဲ့ အလားအလာနဲ့ ပတ်သက်ပြီးလည်း အဂွဲရိုး က ” အန်ဇို မာရက်စ်ကာဟာ မန်စီးတီးက ထွက်ခွာခဲ့ပြီးနောက် အရမ်း စိတ်ဝင်စားစရာ ကောင်းတဲ့ နည်းပြ ဘဝကို ရရှိထားပါတယ် ။ ”
” ကျွန်တော် မန်စီးတီး ရှိခဲ့စဉ်က အတွေ့အကြုံတွေ အရ သူဟာ ချဲလ်ဆီးလို အသင်းမျိုးကို ဦးဆောင်ပေးဖို့ ပြင်ပြင်ဆင်ဆင် ရှိထားတယ်လို့ ပြောရမှာပါ ။ ဒီအသင်းမှာ အရမ်းမြင့်မားတဲ့ မျှော်လင့်ချက်တွေ ရှိနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အဆုံးမှာတော့ အဂွဲရိုးက ၎င်းနဲ့ တနိုင်ငံတည်းသား ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ထံကနေ မာရက်စ်ကာ တယောက် အကောင်းဆုံး အရည်အသွေး ထုတ်ယူနိုင်ပါ့မလား ဆိုတဲ့ အမေး အပေါ် အခုလိုပဲ တုန့်ပြန် ဖြေကြားခဲ့ပါတယ် ။
အဂွဲရိုး က ” မာရက်စ်ကာဟာ ဘာလို့ အန်ဇို ဖာနန်ဒက်ဇ်ဆီက အကောင်းဆုံး အရည်အသွေးတွေ ထုတ်မယူနိုင်ရမှာလဲ ? မန်နေဂျာကောင်း တယောက်ဟာ အလားအလာ ရှိတဲ့ ကစားသမားတွေဆီက အရည်အချင်းတွေ ထုတ်ယူနိုင်စွမ်း ရှိပါတယ် ။ အန်ဇိုဟာ ကြီးကျယ်တဲ့ ကစားသမား တယောက်ပါ ။ မာရက်စ်ကာက သူ့ကို ခြေစွမ်း တိုးတက်လာအောင် ကူညီပေးနိုင်လိမ့်မယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR