Sports Myanmar

ယူရို ချန်ပီယံ ဖြစ်ဖို့အတွက် စပိန်အသင်း ရှောင်ကြည်ရမယ့် အမှားတစ်ခုကို ထောက်ပြလိုက်တဲ့ ရိုဒရီ

 

မန်ချက်စတာ စီးတီး အသင်း ရဲ့ အားထားရတဲ့ ကွင်းလယ်လူ ရိုဒရီ ကတော့ သူတို့ အနေနဲ့ ကစားနေကြ ပုံစံ ဖြစ်တဲ့ တီကီတာကာ ပုံစံ တစ်ခုတည်းကို မှီခိုပြီး မကစားနေသင့်တော့ကြောင်း စပိန် အသင်းဖော်တွေ အားလုံးကို တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။

စပိန် အသင်းဟာ ယူရို ၂၀၂၄ မှာ အီတလီ ၊ ခရိုအေးရှား ၊ အယ်ဘေးနီးယား တို့နဲ့ အတူ အုပ်စုကျပ်ထဲ ကျရောက်နေတာ ဖြစ်ပြီး အုပ်စု အဖွင့်ပွဲစဉ် အဖြစ် ခရိုအေးရှား အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။ ခရိုအေးရှား နဲ့ ပွဲမတိုင်မှီ အင်တာဗျူးမှာ သတင်းထောက်တွေက ယူရို ချန်ပီယံ ဖြစ်ဖို့ စပိန် အသင်း ဘယ်လို ကစားသင့်သလဲလို့ မေးမြန်းခဲ့ရာ ရိုဒရီ က ရိုးရှင်းတဲ့ အဖြေကို ခုလို ပြန်ပေး သွားခဲ့ပါတယ် ။

” နိုင်ပွဲ ကို ဦးတည် စေမယ့် ကစားဟန်ကို ကျနော်တို့ ကစားသွားမှာပါ ။ အသင်းတိုင်း က ကွဲပြားခြားနားကြသလို ကစားပုံချင်းကလည်း မတူကြပါဘူး ၊ ကစားပုံ တခုတည်း ကစားပြီး နိုင်ပွဲ ရမယ်လို့ ထင်မှတ်နေမယ်ဆိုရင်တော့ ကျနော်တို့ မှားသွားပါလိမ့်မယ် ။ ”

” လိုက်လျောညီ‌ထွေ ဖြစ်ဖို့ လိုသလို အပြောင်းအလဲ ‌တွေလည်း လုပ်ဖို့ လိုပါတယ် ။ ဒီပွဲမှာ ဒီလို ကစားရပေမယ့် နောက်တစ်ပွဲကျ တစ်မျိုး ပြောင်းရကောင်း ပြောင်းရ နိုင်ပါတယ် ၊ ကျနော်တို့ ပွဲကို ထိန်းချုပ် ကစားနိုင်ဖို့ မျှော်လင့်ပေမယ့် နိုင်ပွဲ ရစေမယ့် ကစားပုံမျိုး ရှိနေဖို့ က အရေးကြီးပါတယ် ။ ”

စပိန် အသင်းဟာ ယူရို ၂၀၀၈ နှင့် ယူရို ၂၀၁၂ မှာ နှစ်ကြိမ်ဆက် ချန်ပီယံ ဖြစ်ပြီးနောက်ပိုင်း ကစားခဲ့တဲ့ နိုင်ငံတကာ ပြိုင်ပွဲကြီး ၅ ခုမှာ ၁၆ သင်း အဆင့်ကို မကျော်ဖြတ် နိုင်ခဲ့တဲ့ အကြိမ် ၄ ကြိမ် အထိ ရှိခဲ့ပါတယ် ။ရိုဒရီ က စပိန် ရဲ့ ယူရို ချန်ပီယံ အိပ်မက်နဲ့ ပတ်သက်ပြီး ” ကျနော်တို့ စပိန် အသင်းက ယူရို ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်း ဖြစ်ကြောင်း ပြသသွားမှာပါ ။ ”

” တခြားဘယ်အရာကိုမှ မတွေးထားပါဘူး ။ ပွဲအစကတည်းက အနိုင်ရဖို့ အတွက်ကိုပဲ ဦးတည် ကစားသွားမှာပါ ၊ အနိုင်ရဖို့ အတွက် ဘာတွေ လုပ်ရမလဲ သိဖို့ လိုအပ်ပါတယ် ၊ ခြေချော်လက်ချော် ဖြစ်တာ ၁၀ မိနစ်လောက် ကစားပုံ ဆိုးရွားမိတာနဲ့ အိမ်ပြန်သွားရနိုင်တဲ့ ပြိုင်ပွဲပါ ၊ မိနစ် ၉၀ လုံးလုံး အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားဖို့ ဂိုးဧရိယာ နှစ်ခုစလုံးမှာ သန်မာ ကောင်းမွန်နေဖို့ အရေးကြီးပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar