
ယူရို ၂၀၂၄ ပြိုင်ပွဲဟာ ယမန်နေ့ညကပဲ တရားဝင် စတင်ခဲ့ပြီး ဖြစ်ကာ ၊ နာမည်ကြီး အင်္ဂလန်ဟာ မနက်ဖြန်ညမှာ ဆားဘီးယားနဲ့ အုပ်စု အဖွင့်ပွဲ စတင် ကစားရမှာ ဖြစ်ပါတယ် ။ ဒီပွဲမှာ ပုံမှန် ကစားနေကျ အဓိက ကြယ်ပွင့်တွေသာ ပွဲထွက်လာဖို့ ပရိသတ် အများစုက မျှော်မှန်းထားကြပါတယ် ။
တိုက်စစ် အတွက် ရွေးချယ်စရာတွေ များနေပေမယ့် ၊ ကွင်းလယ်မှာတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဂမ်နဲ့ အာဆင်နယ် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်တို့က ပုံသေ နေရာရဖို့ ရှိနေကာ ၊ အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ် အနေနဲ့ ကျန်တနေရာမှာ ဘယ်သူ့ကို ထုတ်သုံးသွားမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ် ။

တိုက်စစ် အသားပေး ချဉ်းကပ်လိုတယ် ဆိုရင်တော့ ဆောက်ဂိတ်ဟာ မန်စီးတီး တောင်ပံ ကစားသမား ဖီးလ်ဖိုဒန်နဲ့ ချဲလ်ဆီး တောင်ပံ ကစားသမား ကိုးလ်ပါလ်မာတို့ အနက် တဦးကို ကွင်းလယ်တိုက်စစ်မှာ သုံးသွားနိုင်ပြီး ၊ ဟန်ချက် ထိန်းဖို့ဆိုရင်တော့ လီဗာပူး ညာနောက်ခံလူ ထရန့် အလက်ဇန္ဒား အာနိုးနဲ့ ချဲလ်ဆီး ကွင်းလယ်လူ ကော်နာ ဂေါ်လဂါတို့အနက် တဦးကို အသုံးပြုသွားနိုင်ခြေ ရှိပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ညာနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ ဆောက်ဂိတ်ဟာ ပရိသတ်တွေရဲ့ ဝေဖန်ခြင်း ခံရမှာစိုးတာကြောင့် အဖွင့်ပွဲမှာ ဂေါ်လဂါကို ပွဲထုတ်မှာ မဟုတ်ကြောင်းနဲ့ ၎င်းအစား အာနိုးကိုသာ ကျန်ကွင်းလယ်တနေရာမှာ ထုတ်သုံးလိမ့်မယ်လို့ သုံးသပ်ခန့်မှန်းသွားပါတယ် ။
Sky Sports ရဲ့ The Overlap အစီအစဉ်မှာ နဗီးလ် က ” ဂါရတ်ဟာ ဂေါ်လဂါကို သဘောကျတယ်လို့ ကျွန်တော် ခံစားမိပါတယ် ။ အုပ်စု အဖွင့်ပွဲမှာတော့ ဂါရတ်ဟာ သူ့ကို ပွဲထုတ်ကစားချင်မှ ကစားမှာပါ ။ ဘာလို့လဲဆိုတော့ ဂေါ်လဂါကို ရိုက်စ် ၊ ဘယ်လင်ဂမ်တို့နဲ့ ကွင်းလယ်မှာ တွဲကစားတာဟာ မကောင်းတဲ့ ယူဆချက်တွေ ယူဆောင်စေလာလိမ့်မယ်လို့ သူ တွေးကောင်းတွေမိမှာမို့ပါ ။ ”

” ကျွန်တော့ တဦးတည်း အမြင်အရတော့ သူဟာ ( ပစ်ဖို့ဒ် ၊ ဝေါ်ကာ ၊ စတုန်း ၊ ဂွီဟီ ၊ ထရစ်ပီယာ ၊ ရိုက်စ် ၊ ဂေါ်လဂါ ၊ ဘယ်လင်ဂမ် ၊ ဆာကာ ၊ ကိန်း ၊ ဖိုဒန် ) ဒီပွဲထွက်စာရင်းကို အသုံးပြုချင်မှာပါ ။ အဆုံးမှာ ဂါရတ်ဟာ ဒီလို ပုံစံမျိုးပဲ သုံးဖြစ်သွားပါလိမ့်မယ် ။ ”
” ဒါမှ သူဟာ ကွင်းလယ်မှာ လုပ်အားနှုန်းကောင်းတဲ့ ကစားသမား တယောက် ပိုရမှာပါ ။ ပြိုင်ဖက်ဆီက ဘောလုံးလုပေးနိုင်မယ့် ကစားသမား တယောက်ပေါ့ ။ ဘာလို့လဲဆိုတော့ ဂေါ်လဂါဟာ အဲလောက်ထိ ကောင်းတာကြောင့်ပါ ။ ”
” သူဟာ ဂေါ်လဂါကို ပွဲထွက်စာရင်းထဲ ထည့်ချင်ပေမယ့် ၊ အဖွင့်ပွဲမှာ ပွဲထုတ်သုံးမယ်လို့ ကျွန်တော် မထင်ပါဘူး ။ သူ ထရန့် ( အလက်ဇန္ဒား အာနိုး ) ကို ကွင်းလယ်မှာ ထည့်သုံးပြီး ၊ ဒါက ဖိုဒန် ၊ ဘယ်လင်ဂမ်နဲ့ ရိုက်စ်တို့ကို လက်ခံလို့ ရလောက်တဲ့ ချိတ်ဆက်မှုမျိုး ပေးပါလိမ့်မယ် ။ ”

” လေးစားမှု ရှိရှိနဲ့ ပြောရရင်တော့ ဒါက ကော်နာ ဂေါ်လဂါ ပါမယ့် ကွင်းလယ် အတွဲလောက်တော့ sexy ဖြစ်မယ်လို့ ကျွန်တော် မထင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR