Sports Myanmar

ဘယ်လင်ဂမ်ကို ချဲလ်ဆီးတို့ ဘာကြောင့် မခေါ်ယူနိုင်ခဲ့လဲ ဆိုတာ ရှင်းပြလာတဲ့ ဖရန့်လမ်းပတ်

ချဲလ်ဆီး အသင်းဟာ ယခင် ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ချ် မထွက်ခင် ၂၀၂၀ – ၂၀၂၁ ဘောလုံးရာသီမှာ ကစားသမား အဝင်အထွက် ကြမ်းခဲ့ဖူးပြီး ၊ ပေါင်သန်း ၃၀၀ ဝန်းကျင် သုံးစွဲကာ ၊ ကစားသမားသစ်များစွာ ခေါ်ယူခဲ့ပါတယ် ။ ဒါ့အပြင် ထိုစဉ်က ချဲလ်ဆီးတို့ မခေါ်ဖြစ်ခဲ့ပဲ လက်လွှတ်ခဲ့ရတဲ့ ကြယ်ပွင့် တချို့လည်း ရှိခဲ့ဖူးပါတယ် ။

ထိုအထဲမှာ လက်ရှိ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကမ္ဘာကျော် စူပါစတား ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဂမ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ထိုရာသီတုန်းက ချဲလ်ဆီးကို ကလပ် ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ် ကိုင်တွယ်နေခဲ့ပြီး ၊ ၎င်းဟာ ဘယ်လင်ဂမ် အပြင် လက်ရှိ အာဆင်နယ် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါတယ် ။

ဘယ်လင်ဂမ်ဟာ ဆယ်ကျော်သက် အရွယ်မှာကတည်းက ဥရောပ ဒိတ်ဒိတ်ကြဲ ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး ၊ ဒေါ့မွန်က ၎င်းကို ဘာမင်ဂမ်ကနေ ပေါင်သန်း ၂၀နဲ့ အရ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်မှာတော့ ဘယ်လင်ဂမ်ဟာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့ကာ ၊ ရောက်ရောက်ချင်းနှစ်မှာပဲ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

Sky Sports မှတဆင့် လီဗာပူး ကွင်းလယ်လူဟောင်း ဂျေမီ ရက်ဒ်နပ်နဲ့ အမေးအဖြေ အစီအစဉ်မှာ လမ်းပတ်က ဘယ်လင်ဂမ်ကို ချဲလ်ဆီးတို့ ဘာကြောင့် မခေါ်ယူနိုင်ခဲ့လဲ ဆိုတာ အခုလိုပဲ ပြန်ပြောင်း ရှင်းပြလာပါတယ် ။

လမ်းပတ် က ” ကျွန်တော် ချဲလ်ဆီး မန်နေဂျာ အဖြစ် ရှိနေခဲ့စဉ်က ကျွန်တော်တို့ ဂျုဒ်ဘယ်လင်ဂမ်ကို ခေါ်ဖို့ ကြိုးစားခဲ့ကြတာကို မှတ်မိနေပါသေးတယ် ။ အသင်းတိုင်းက သူ့ကို ခေါ်ယူချင်ခဲ့တာ ကျွန်တော် သိပါတယ် ။ ကျွန်တော်တို့ အပါအဝင် ၊ မန်ချက်စတာ ယူနိုက်တက် ၊ မန်စီးတီးနဲ့ တခြား အသင်းကြီးတွေ အားလုံးပါပဲ ။ “

” သူ့မိဘတွေနဲ့ အတူ အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးဖို့ ရောက်လာတော့ ကျွန်တော် ရောင်းခဲ့တဲ့ ပုံစံက ‘ ကောင်းပြီ ၊ ငါ့မှာ မေဆင်မောင့် ရှိတယ် ၊ ရိစ်ဂျိမ်းစ် ရှိတယ် ၊ လူငယ် ကစားသမားတွေကို ငါ ကစားခွင့်ပေးတယ် ‘ ဆိုပြီးတော့ပေါ့ ။ ဒါပေမယ့် သူတို့က အဲဒီမှာ တဆင့်မြှင့်တွေးပြီး ‘ ဒေါ့မွန်မှာဆို သူ ကစားခွင့် ရလိမ့်မယ် ဆိုတာ ငါတို့ သိတယ် ၊ ဒါက သူ့ရဲ့ comfort zone အပြင်ဖက်မှာလေ ‘ လို့ တွေးခဲ့ကြမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က ဘယ်လင်ဂမ် မိသားစုဟာ ၎င်းကို ပွဲကစားခွင့် ချက်ချင်း ပေးဖို့ တောင်းဆိုခဲ့ဖူးလား ဆိုတဲ့ အမေးနဲ့ ပတ်သက်ကာ ” မဟုတ်ပါဘူး ။ သူတို့ဟာ ဒီထက် အများကြီး ပိုယဉ်ကျေးခဲ့ကြပါတယ် ။ ဒါပေမယ့် သူတို့ မေးတဲ့ မေးခွန်းတွေက ရှင်းပါတယ် ။ သူတို့ဟာ သူ့ကို အသင်း တသင်းမှာ ပုံမှန် ကစားခွင့် ရဖို့ နှစ်များစွာအထိ စောင့်နေရတာမျိုး မလိုချင်ခဲ့တာပါ ။ ”

” ဒေါ့မွန်မှာ သူ လုပ်ပြခဲ့တဲ့ အရာတွေက တကယ် စပါယ်ရှယ်ပါပဲ ။ ဘာလို့လဲဆိုတော့ သူ အဲဒီမှာ ပုံမှန် ကစားခဲ့ရပြီး ၊ သူ့ရဲ့ ပင်ကိုဟန်က ပိုပြီး ကြီးမားလာလို့ပါ ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်မှာ သူ လုပ်ပြနေတာက ပြည်ပထွက်ကစားဖူးတဲ့ အင်္ဂလိပ် ကစားသမားတွေနဲ့ဆို ဘယ်သူနဲ့မှ ယှဉ်ရမယ်လို့ ကျွန်တော် မထင်ပါဘူး ။ ဒီအသက်အရွယ်နဲ့ သူဟာ ချက်ချင်းကြီး သက်ရောက်မှု ရှိစေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လက်ရှိမှာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ ယူရို ဆွတ်ခူးဖို့ ပစ်မှတ်ထားနေတဲ့ ဘယ်လင်ဂမ် အပေါ် ဂျေမီ ရက်ဒ်နပ် က ချီးကျူးတဲ့ အနေနဲ့ ” ဒါမျိုး ကျွန်တော် တခါမှ မမြင်ခဲ့ဖူးပါဘူး ။ ဘယ်သူမှ ဒါမျိုး မလုပ်ပြဖူးပါဘူး ။ သူဟာ တကယ် လန်းတဲ့ ပုံစံမျိုးနဲ့ စွမ်းဆောင်ပြနေတာပါ ။ သူ ဂိုးသွင်းပြီးတိုင်း ပရိသတ်တွေ အရှေ့ မတ်တပ်ရပ်ပြီး အောင်ပွဲခံတာကလည်း Matador ဖိုက်တာ တယောက်လိုပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar