
ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘရာဇီး ဒုတိယတန်း ကလပ် စပို့ရက်စီဖေး အသင်းမှ တက်သစ်စ ဆယ်ကျော်သက် ကြယ်ပွင့် ညာနောက်ခံလူ ပတ်ဒရို လီမာကို ယူရို ၁၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပါတယ် ။
လီမာကို ချဲလ်ဆီးဟာ မိတ်ဖက်ကလပ် စထရားစ်ဘော့ အသင်းက တဆင့် ခေါ်ယူနိုင်လိုက်တာ ဖြစ်ပြီး ၊ ၎င်းကို ယင်းပြင်သစ်ကလပ်မှာပဲ တရာသီ အငှားချသွားဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ် ။ ဝုလ်ဗ်တိုက်စစ်မှူး မတ်တဲယက်စ် ကွန်ညာကတော့ သူဟာ လီမာကို ၄င်တို့ထံ ပြောင်းလာဖို့ စည်းရုံးခဲ့ဖူးကြောင်း အခုလိုပဲ ဖွင့်ဟဝန်ခံခဲ့ပါတယ် ။

Globo Esporte နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ကွန်ညာ က ” ပတ်ဒရို လီမာဟာ အရည်အချင်းရှိတဲ့ ချာတိတ် တယောက်ပါ ။ သူ့မှာ တောက်ပတဲ့ အနာဂတ် ရှိနေပါတယ် ။ သူဟာ ပါရိုင်ဘာကနေ ရက်စီဖေးကို ပြောင်းရွှေ့ခဲ့ပြီး ၊ ဒါက ကျွန်တော်နဲ့ ခပ်ဆင်ဆင် ဘောလုံးသမား ဇာတ်လမ်းမျိုးပါပဲ ။ သူ့အတွက် အကောင်းဆုံး ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ် ။ ”
” သူ့ကို ကျွန်တော်နဲ့ အတူ ကစားဖို့ အလိုရှိခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ ဝုလ်ဗ်ကလည်း သူ့ကို ခေါ်ဖို့ စိတ်ဝင်စားခဲ့တယ်လို့ ကျွန်တော် ထင်တာကြောင့်ပါ ။ ဒါပေမယ့် သူ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ချခဲ့ပြီးပါပြီ ။ ချဲလ်ဆီးဟာ ကြီးကျယ်တဲ့ ကလပ် တသင်း ဖြစ်ပြီး ၊ အဲဒီမှာ သူ ကစားခွင့်တွေ ရဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ”
” နောက်ပြီး သူ့ကို ပြိုင်ဖက် အဖြစ်နဲ့ မကြာခဏ ရင်ဆိုင်ခွင့် ရဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ကျွန်တော်တို့ ကွင်းတွင်းမှာ စကား နည်းနည်းပါးပါး ပြောပြီး ၊ ဂျာစီချင်း ဖလှယ်တာတွေ လုပ်နိုင်ပါတယ် ။ ဟုတ်ပါတယ် ။ သူ့ကို အကောင်းဆုံး ဖြစ်စေဖို့ ကျွန်တော် ဆုတောင်းပေးပါတယ် ။ ”
” သူဟာ ဒီလို အခွင့်အရေးမျိုးနဲ့ ထိုက်တန်ပြီး ၊ ဒီအတွက်လည်း တိုက်ပွဲဝင်ပြီး ယူခဲ့ရတာပါ ။ အခုလို သူ့ရဲ့ မဟာအခွင့်အရေးက စတင်လာပြီမို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် ။ သူ့ရဲ့ အနာဂတ် ရှေ့ဆက် တောက်ပပါစေလို့ ဆုတောင်းပေးပါတယ် ။ ”
” သူဟာ ကြီးမားတဲ့ အလားအလာ ပိုင်ဆိုင်ထားရချိန်မှာ ဒီကနေ ထွက်ခွာခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ ရည်မှန်းချက် ကြီးကြီးမားမား ထားတဲ့ ချာတိတ် တယောက် ဖြစ်ပြီး ၊ လူတိုင်းက သူ့ဆီကနေ အများကြီး မျှော်မှန်းထားပေမယ့် ၊ တချို့သော အရာတွေက သူတို့ ဖြစ်သင့်သလို အမြဲ ဖြစ်မလာတတ်ကြပါဘူး ။ ”
” သူဟာ ကိုယ့်ရဲ့ တိုးတက်မှု အတွက် စိတ်ရှည်သည်းခံမှု အများကြီး ရှိရပါတယ် ။ ဒီလိုပုံစံ အတိုင်း သူ ရှေ့ဆက်ဖို့ လိုပါတယ် ။ ဒါမှသာ သူဟာ လိုချင်တဲ့ နေရာဆီ ရောက်မှာ ဖြစ်သလို ၊ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်မှာပါ ။ ဘာလို့လဲဆိုတော့ တခုခုက ဒီမှာ ရှိနေပေမယ့် ၊ တခြား တခုက တခြားတဖက်မှာ ရှိနေမှာမို့ပါ ။ ”

” ကိုယ့်အပေါ် သံသယ ဖြစ်စေမယ့် ၊ အခက်တွေ့စေမယ့် အခိုက်အတန့်တွေကို သူ့အနေနဲ့ ပေါ့ပေါ့ပါးပါး ကျော်ဖြတ်ပြဖို့ လိုပါမယ် ။ အထူးသဖြင့် ဒီကနေ ထွက်ခွာတဲ့အခါမှာပေါ့ ။ သူ့အနေနဲ့ ဘောလုံး အရည်အသွေး အမြင်ဆုံး အဆင့်ဆီ ရောက်နိုင်အောင် စိတ်ရှည်သည်းခံမှု အများကြီး ရှိဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ် ။ ”
” သူ့အတွက် အရာရာ အဆင်ပြေစေဖို့ ကျွန်တော် ဆုတောင်းပေးပြီး ၊ သူဟာ ကျွန်တော်တို့ အများကြီး အားပေးနေမယ့် ကစားသမား တယောက်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR