Sports Myanmar

ပိုလန်နဲ့ပွဲစဉ်မှာ နောက်ကျအနိုင်ဂိုး သွင်းယူနိုင်မယ်ဆိုတာ ကြိုတင်ခန့်မှန်းခဲ့တယ်လို့ ဆိုလိုက်တဲ့ ဗက်ဟော့စ်

မန်ယူနိုက်တက် တိုက်စစ်မှုးဟောင်း ဝုဒ်ဗက်ဟော့စ်က သူဟာ ပိုလန်နဲ့ ယူရို ၂၀၂၄ အဖွင့်ပွဲစဉ်မှာ နယ်သာလန် အတွက် အနိုင်ဂိုး သွင်းနိုင်လိမ့်မယ်ဆိုပြီး ကြိုတင်ခန့်မှန်းခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ နယ်သာလန် နဲ့ ပိုလန်တို့ ၁-၁ ဖြစ်နေချိန်မှာ ဗက်ဟော့စ်ဟာ ၈၁ မိနစ်မှာ ဒီပိုင်းအစား လူစားဝင်ကစားခဲ့ပြီး ၂ မိနစ် အကြာမှာပဲ ပထမဦးဆုံး ဘောလုံးထိချက်နဲ့ အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှုးဟာ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းကလည်း အာဂျင်တီးနား ပွဲစဉ်မှာ လူစားဝင်လာပြီးနောက် ချေပဂိုး ၂ ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပြီး နိုင်ငံရဲ့ super sub အဖြစ် နာမည်ကောင်း ရနေပါတယ်။ လက်ရှိမှာဆိုရင်လည်း ဗက်ဟော့စ်ဟာ နယ်သာလန် အတွက် အရေးပါလှတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဒီလို ဂိုးသွင်းနိုင်မယ်လို့ ကြိုတင်ခံစားမိခဲ့တယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဗက်ဟော့စ်က “ဒီလိုမျိုး ခံစားချက်မျိုးကို ရနေခဲ့ပါတယ်။ ကျနော် ဒီမနက် အစောပိုင်းတုန်းက ကျနော့်ရဲ့ ကောင်မလေးကိုတောင် ပြောခဲ့ပါသေးတယ်။ ဘာလို့လဲဆိုတော့ သူမဟာ ဒီပွဲကို လာရောက်ကြည့်ရှုဖို့ အတွက် မသေမချာ ဖြစ်နေခဲ့လို့ပါ။ ကျနော်က သူမကို ‘ဒီပွဲဟာ သရေ ဖြစ်နေလိမ့်မယ်။ ပွဲပြီးဖို့ အတွက် မိနစ် ၂၀ အလိုမှာ ငါလူစားဝင်လာပြီး အနိုင်ဂိုး သွင်းယူနိုင်လိမ့်မယ်။’ ဆိုပြီး ပြောခဲ့ပါတယ်။ တစ်ခါတစ်ရံ ရင်ထဲကနေ ဒါမျိုးကို ခံစားမိခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

နယ်သာလန် မန်နေဂျာ ရော်နယ်ကိုးမန်းက ဗက်ဟော့စ်ဟာ ယူရိုမှာ အရန်ကစားသမား အဖြစ် ရပ်တည်နေရမှု အပေါ် ကျေနပ်မှုတော့ မရှိခဲ့ဘူးလို့ ထုတ်ဖော်ခဲ့ပါတယ်။

ကိုးမန်းက “ပွဲထွက်ကစားခွင့်ရမယ့် သူတွေကော ဒုတိယပိုင်းမှာ ကျနော်တို့ ခြားနားတဲ့ ကစားပုံ လိုအပ်တဲ့အခါ အရန်ခုံကနေ ဝင်ကစားရမယ့် သူတွေကော ကျနော် အားလုံးကို သူတို့ရဲ့ postion အကြောင်း ရှင်းပြခဲ့ပါတယ်။ ဗက်ဟော့စ်ကတော့ အနည်းငယ် စိတ်ပျက်ခဲ့ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ တုန့်ပြန်ပုံပါပဲ။ သူဟာ စိတ်ပျက်နေခဲ့ပေမယ့် ပွဲထွက်ခွင့်ရဖို့ အတွက် တအားကို ကြိုးစားနေပါတယ်။

ကျနော်တို့ ပထမပိုင်းမှာ ခံစစ်ကို ကျော်ကာ ပြေးလွှားမှုတွေ သိပ်မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကစားပုံ aggressive ဖြစ်ပြီး ခေါင်းတိုက်လည်း ကောင်းသူပါ။ ဒီပွဲမှာ သူဟာ အခွင့်အရေး တစ်ကြိမ်ရခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

မူရင်းသတင်း — Sports Myanmar