
အင်္ဂလန် အသင်းဟာ မနေ့ညက ကစားသွားတဲ့ ယူရို ၂၀၂၄ အုပ်စု အဖွင့်ပွဲမှာ ဆားဘီးယား အသင်းကို ပွဲအစပိုင်းမှာ စောစောစီးစီး ရခဲ့တဲ့ ဂျုဒ်ဘယ်လင်ဂမ်ရဲ့ တလုံးတည်းသော ခေါင်းတိုက်ဂိုးနဲ့ အတူ ၃မှတ် ရခဲ့ပြီး အဖွင့်လှခဲ့ပါတယ် ။
သို့ပေမယ့် အင်္ဂလန်ရဲ့ တပွဲလုံးရဲ့ ပျမ်းမျှ စွမ်းဆောင်ရည်က စောင့်ကြည့်နေကြတဲ့ ဘောလုံး ပရိသတ်တွေကိုတော့ အတော်လေး စိတ်ပျက်စေခဲ့မှာ ဖြစ်ပြီး ၊ ထင်ထားသလို တဖက်သတ် တိုက်စစ်ဆင် ကစားတာမျိုး ၊ အကြိမ်ကြိမ် ဂိုးပေါက် ခြိမ်းခြောက်တာမျိုး လုံးဝ မလုပ်ပြနိုင်ခဲ့ပါဘူး ။

ဒါ့အပြင် ကလပ် အဆင့်မှာ အထူး ခြေစွမ်းပြထားတဲ့ မန်စီးတီးမှ ဖီးလ်ဖိုဒန်လို ကြယ်ပွင့်တွေဟာ တဦးချင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ရော အသင်းဖော်တွေနဲ့ အချိတ်အဆက် မိမိ ကစားနိုင်ဖို့ပါ ရုန်းကန်ခဲ့ရပါတယ် ။ စပိန် လက်ရွေးစင် ကွင်းလယ်လူဟောင်း ဆက်စ် ဖာဘရီဂတ်စ်ကတော့ ဖိုဒန်ရဲ့ ရဲရင့်မှု မရှိခဲ့တဲ့ စွမ်းဆောင်ရည် အပေါ် အခုလိုပဲ ဝေဖန်သွားပါတယ် ။
BBC Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ ဖာဘရီဂတ်စ် က ” ကွာခြားမှု တခုခု လုပ်ပြချင်တယ်ဆိုရင် ခင်ဗျားမှာ ရဲရင့်မှု လုံလုံလောက်လောက် ရှိရဲ့လား ဆိုတာနဲ့ သက်ဆိုင်ပါတယ် ။ ခင်ဗျားဟာ ဖိအားတွေအောက်မှာ ဘောလုံး ကစားရတာ နှစ်သက်ရဲ့လား ? အင်္ဂလန် အကောင်းဆုံး ကစားနိုင်တဲ့ အချိန်က ဆားဘီးယားက သူတို့ကို ဘောလုံး ပေးကိုင်ထားတဲ့ အချိန်မှာပါ ။ ”

” ဒုတိယပိုင်းမှာ သူတို့ဟာ ဆားဘီးယားရဲ့ ဖိအားပေးခြင်းကို အနည်းငယ် ခံခဲ့ရပြီး ၊ ဖိုဒန်ဟာ ကိုက် ၄၀ အကွာကနေ ဘာမှ မကြည့်ပဲ ဘောလုံး လျှောက်ကန်နေခဲ့တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ် ။ ထရန့် ( အလက်ဇန္ဒား အာနိုး ) လည်း အတူတူပါပဲ ။ ”
” ခင်ဗျားဟာ ဒါမျိုးတွေကို ဇာဗီ ၊ အင်နီယေစတာနဲ့ လွန်ခဲ့တဲ့ ၁၅နှစ် အတွင်း ထိပ်တန်း ကစားသမားတွေဆီမှာ ဘယ်တော့မှ မြင်ခဲ့မှာ မဟုတ်ပါဘူး ။ ခင်ဗျား အနေနဲ့ ကိုယ့်ကိုယ်ကို တာဝန်ယူတတ်ဖို့ လိုပါတယ် ။ သူတို့ရဲ့ ဒုတိယပိုင်း ကစားပုံက အနည်းငယ် အကျဖက် ရောက်ခဲ့တယ်လို့ ထင်ပါတယ် ။ ”
” နောက်ပြီး ဖိုဒန်လို ကစားသမားတွေ အနေနဲ့ ရှေ့တက် ဦးဆောင်ပြနိုင်ဖို့ လိုပါတယ် ။ ဒါဟာ သူတို့ အတွက် ဒီလို ကြီးမားတဲ့ ပြိုင်ပွဲတွေမှာ တောက်ပဖို့ အချိန်ကောင်းပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

မန်စီးတီးနဲ့ အင်္ဂလန် လက်ရွေးစင် နောက်ခံလူဟောင်း မီကာရစ်ချတ်ကလည်း ဖာဘရီဂတ်စ်ရဲ့ အမြင်ကို ထောက်ခံတဲ့ အနေနဲ့ ” သူ့လို ကစားသမား တယောက်ဆီကနေ ဒီလိုပွဲမှာ ခြေစွမ်း တက်လိုက် ကျလိုက် ဖြစ်နေခဲ့တာကို မြင်ရတာက ကျွန်တော့ကို ဝမ်းနည်းစေပါတယ် ။ ”
” သူ့ဆီကနေ အကောင်းဆုံး အရည်အသွေးတွေ ကျွန်တော်တို့ မထုတ်ယူနိုင်ခဲ့လို့ စိတ်ပျက်စရာကောင်းခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR