Sports Myanmar

ဆားဘီးယားနဲ့ ပွဲမှာ ကစားခွင့် ကြီးကြီးမားမား မရခဲ့တဲ့ အင်္ဂလန် စတား ၂ဦးနဲ့ ပတ်သက်ကာ ဆောက်ဂိတ် အပေါ် ဝေဖန်သွားတဲ့ ရီယိုဖာဒီနန်

 

ယူရို ၂၀၂၄ အုပ်စု C မှ အင်အားကြီး အသင်း ဖြစ်တဲ့ အင်္ဂလန်ဟာ ယမန်နေ့ညက အုပ်စု အဖွင့်ပွဲမှာ ဆားဘီးယားကို ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဂမ်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့သာ အနိုင်ရခဲ့ပါတယ် ။ ဒါဟာ လူတိုင်းဆီက မျှော်မှန်းချက် ကြီးကြီးမားမား ရထားတဲ့ အင်္ဂလန် အဖို့ စိတ်ကျေနပ်စရာ လုံးဝ မရှိခဲ့တဲ့ ခြေစွမ်းမျိုးလည်း ဖြစ်ပါတယ် ။

ဒီပွဲမှာ အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ အားလုံး ခန့်မှန်းထားကြတဲ့ ပွဲထွက်စာရင်းကိုသာ အသုံးပြုသွားခဲ့ပေမယ့် ၊ နည်းစနစ်ပိုင်းဆိုင်ရာ ချဉ်းကပ်မှုက ဘယ်လို ဖျော်ဖြေမှု မပေးနိုင်ခဲ့သလို ၊ ၎င်းရဲ့ လူစားလဲ အသုံးပြုပုံတွေကလည်း ဝေဖန်စရာတွေ ဖြစ်နေခဲပါတယ် ။

အထူးသဖြင့် ကော်နာ ဂေါ်လဂါ ၊ ကော်ဘီ မိန်းနူးတို့လို ကွင်းလယ်လူတွေ ထပ်ထည့်ခဲ့တာက ၁ – ၀ ရလဒ်ကို အသည်းအသန် ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့တာနဲ့ တူပြီး ၊ စောစောစီးစီး ဂိုးပြတ် ရလဒ် တခု ဖန်တီးဖို့ မလုပ်ဆောင်ခဲ့တာ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် သံသယ ပိုဖြစ်စေခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် လက်ရွေးစင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်ကတော့ ဆောက်ဂိတ် အနေနဲ့ မိန်းနူးကို ပွဲပြီးခါနီး အနေအထားမှာထက် ပိုပြီး စောစောစီးစီး သုံးခဲ့သင့်ကြောင်းနဲ့ ချဲလ်ဆီး ကြယ်ပွင့် ကိုးလ်ပါလ်မာကိုလည်း ဒုတိယပိုင်းမှာ မိတ်ဆက် ထည့်ပေးသင့်ကြောင်း ဝေဖန်သွားပါတယ် ။

BBC Sport ရဲ့ ပွဲပြီးသုံးသပ်ချက် အစီအစဉ်မှာ ဖာဒီနန် က ” ပွဲက ထိန်းချုပ်ဖို့ အနည်းငယ် လိုအပ်ခဲ့ပါတယ် ။ ဒါမျိုး လုပ်ပေးနိုင်တဲ့ ကစားသမားတွေ ဘယ်မှာလဲ ? ကော်ဘီ မိန်းနူးဆို လုပ်ကောင်းလုပ်ပေးနိုင်ပါတယ် ။ လိုအပ်ရင် သူ့ကို ဒီထက်တောင် နည်းနည်းပါးပါး ပိုစောပြီး သုံးဖို့ သင့်ပါတယ် ။ ”

” ဒါပေမယ့် ကိုးလ်ပါလ်မာလို ပါးနပ်မှု ၊ လှည့်စားမှု ၊ ဘောလုံး တောင်းဖို့ မာန်အပြည့် ရှိတဲ့ ကစားသမားမျိုးကိုလည်း လူစားလဲ သုံးပေးရပါမယ် ။ ဆားဘီးယားဖက်က တာဒစ် လူစားဝင်လာသလိုမျိုးပေါ့ ။ သူဆို လူစားဝင်လာကတည်းက ဘောလုံး တောင်းနေခဲ့တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အာဆင်နယ် ၊ ချဲလ်ဆီးနဲ့ စပိန် လက်ရွေးစင် ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်ကတော့ ဆောက်ဂိတ်ရဲ့ ခံစစ် အားပြုဖို့ ကြိုးပမ်းခဲ့တဲ့ ဒုတိယပိုင်း နည်းဗျူဟာ အပေါ် အထင်မကြီးခဲ့ပုံ ပေါ်ကာ ၊ ၎င်းအနေနဲ့ ကိုးလ်ပါလ်မာကို သုံးပြီး တိုက်စစ်မြှင့်ခဲ့သင့်ကြောင်း သုံးသပ်သွားပါတယ် ။

ဖာဘရီဂတ်စ် က ” အနိုင် ရလဒ်ကို အကာအကွယ် ပေးဖို့ ကွင်းလယ်ခံစစ် ကစားသမား အပို တယောက် ထပ်ထည့်ဖို့ လိုနေပြီဆိုရင် ခင်ဗျားဟာ ကွင်းတွင်း ကစားသမား တယောက် အနေနဲ့ ဒါကို ခံစားမိနေမှာပါ ။ အဲလိုအချိန်မှာ စိတ်ဓာတ်ပိုင်းအရ ခင်ဗျားဟာ ခံစစ်ဆီပဲ ဆင်းကူပေးဖို့ စတင် စိတ်ရောက်လာပါတယ် ။ ”

” ဒါပေမယ့် အဲဒီအစား ခင်ဗျားဟာ တိုက်စစ် အသားပေး ကစားသမား တယောက် ထပ်ထည့်လိုက်မယ်ဆိုပါတော့ ။ ဥပမာ ပါလ်မာကို ထည့်သုံးလိုက်မယ်ဆိုရင် သူဟာ တိုက်စစ်ထိ ၊ ပြိုင်ဖက်ရဲ့ Final Third Zone ထဲ အထိကို ဘောလုံး ထိန်းကစားပေးမှာပါ ။ အဲလိုသာဆို ကျန်တဲ့ အသင်းသားတွေလည်း ပိုပြီး သက်တောင့်သက်သာ ရှိလာပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar