
ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ချဲလ်ဆီးကနေ ရိုးမားသို့ အငှားထွက် ကစားခဲ့တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူဟာ ဆလိုဗက်ကီးယားနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရို ၂၀၂၄ အုပ်စု အဖွင့်ပွဲမှာ အပိုင် ဂိုးသွင်းခွင့် တချို့ ရခဲ့ပြီး အဆုံးမသတ်နိုင်ခဲ့သလို ၊ သွင်းယူခဲ့တဲ့ ဂိုး၂ဂိုးကလည်း လူကျွံ အနေအထားမှာ ရှိခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ် ။
ထိုပွဲမှာ ဘယ်လ်ဂျီယမ်တို့ဟာ အံ့အားသင့်စွာပဲ ပထမပိုင်းမှာ ပေးခဲ့ရတဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ကာ ၊ အဆုံးသတ်မှု အားနည်းခဲ့တဲ့ လူကာကူဟာလည်း ပွဲအပြီးမှာ အတော်လေး စိတ်ပျက်နေခဲ့တာကို တွေ့ရပါတယ် ။

အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက်ကတော့ ဘယ်လ်ဂျီယမ်ရဲ့ ချေပဂိုး ဖြစ်နိုင်ခဲ့မယ့် အာမဒူ အိုနားနားရဲ့ ခေါင်းတိုက် အဆုံးသတ်မှုကို လူကာကူ အနေနဲ့ လွှတ်ပေးခဲ့သင့်ကြောင်း ITV Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ အခုလိုပဲ ဝေဖန်သွားပါတယ် ။
ရိုက် က ” ရိုမီလူ လူကာကူဟာ ဒီတိုင်း လွှတ်ထားပေးခဲ့သင့်ပါတယ် ။ ဘောလုံးက ဂိုးထဲ ဝင်နေပါပြီ ။ ဒီပွဲမှာ သူ့အတွက် ဖြစ်ပျက်ခဲ့တာတွေက ၊ သူပဲ ဂိုးသွင်းဖို့ စိတ်အရမ်းလောနေခဲ့တာလား ၊ ဘာတွေဖြစ်နေလဲ ကျွန်တော် မသိတော့ပါဘူး ။ ”
” လူကျွံဘောတွေက ဘယ်လောက်ထိကို ဝေခွဲရ ခက်လဲ ဆိုတာ ကျွန်တော်တို့ သိကြပါတယ် ။ သူသာ ဒီဘောလုံးကို လွှတ်ထားပေးခဲ့ရင် ၊ ဒါက ဂိုးတဂိုးပါပဲ ။ ခင်ဗျားတို့ ဘာပြောနိုင်ကြမှာလဲ ? ဒါဟာ တိုက်စစ်မှူး တယောက်ရဲ့ ပင်ကို သိမြင်ခြင်းလို့ပဲ ပြောရပါမယ် ။ ”

” ဒါပေမယ့် တချိန်တည်းမှာ သူ့အနားမှာ နောက်ခံလူ တယောက်မှ ရှိမနေခဲ့ပါဘူး ။ ဂိုးသမားကလည်း ဒါကို မကာကွယ်နိုင်တော့ပါဘူး ။ သူ ဒီတိုင်းလေးပဲ လွှတ်ပေးထားခဲ့သင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ခရစ်ဆပ်တန်ကလည်း လူကာကူဟာ ရခဲ့တဲ့ အခွင့်အရေးတွေ အဆုံးသတ်နိုင်ခဲ့ရင် ၊ ရွှေဖိနပ်ဆုတောင် ချိန်ရွယ်လို့ ရနိုင်ကြောင်း BBC Sports ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ အခုလိုပဲ ဝေဖန်သွားပါတယ် ။
ဆပ်တန် က ” အမှန်အတိုင်း ပြောရရင် ပထမပိုင်းမှာ လူကာကူရဲ့ စွမ်းဆောင်ရည်က တော်တော် ဆိုးဆိုးရွားရွားပါပဲ ။ သူဟာ ပုံမှန်ဆို ပိုးစိုးပက်စက် အဆုံးသတ် သွင်းပေးနိုင်လောက်တဲ့ အပိုင် အခွင့်အရေး ၃ကြိမ် ရခဲ့တာပါ ။ သူဟာ အဲဒါတွေကို အသုံးချနိုင်ခဲ့ရင် ရွှေဖိနပ်ဆု အတွက်တောင် ရှေ့ဆုံးက ပြေးနေလို့ ရပါပြီ ။ ”

” ဆလိုဗက်ကီးယားကလည်း အခွင့်အရေး များများစားစား မဖန်တီးနိုင်ခဲ့ပါဘူး ။ ဒီပွဲက ဘယ်ဂျီယမ်တို့ ဖြုန်းတီးခဲ့တာနဲ့ အဓိက သက်ဆိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဘယ်လ်ဂျီယမ်ဟာ ပွဲပြီးခါနီးမှာ ချေပဂိုး ထပ်ရခဲ့သေးပေမယ့် ၊ လူစားဝင် တိုက်စစ်မှူး အိုပန်ဒါရဲ့ လက်နဲ့ ထိခဲ့တာကြောင့် ဂိုးအဖြစ်မှ ပယ်ဖျက်ခံခဲ့ရပါတယ် ။
အိုပန်ဒါ က ” ကျွန်တော်တော့ ဒါကို လက်မခံပါဘူး ။ သူတို့ စည်းမျဉ်း အကြောင်း ကြိုက်သလို ပြောနိုင်ပါတယ် ။ ကျွန်တော်ကတော့ ဒါဟာ လက်ခံရ ခက်လို့ ဆောရီးပဲ ပြောရပါစေ ။ ဒါက ပြင်းထန်လွန်းပါတယ် ။ သူတို့ ဒီဂိုးကို ဘာလို့ ရိုးရိုးသားသားနဲ့ ပယ်ဖျက်နိုင်လိုက်ရတာလဲ ? ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR