
ဂျာမနီက အိမ်ရှင် အဖြစ် လက်ခံကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဟာ အုပ်စု အဖွင့်ပွဲစဉ်ကို ကျော်ဖြတ်ထားပြီး ဖြစ်ကာ ၊ ပွဲစဉ် ၂ကို ဆက်လက် ကျင်းပနေပါတယ် ။ အဖွင့်ပွဲများမှ ခြေစွမ်းနဲ့ ရလဒ်တွေ အရတော့ အိမ်ရှင် ဂျာမနီက တာထွက် အကောင်းဆုံး ဖြစ်နေတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။
မနေ့ညက ကစားခဲ့တဲ့ အုပ်စု ပွဲစဉ် ၂ မှာလည်း ဂျာမန်တို့ဟာ ဟန်ဂေရီကို အနိုင်ရကာ ၊ နောက်တဆင့် တက်သွားပြီ ဖြစ်ပေမယ့် ၊ အုပ်စုဗိုလ် နေရာ သေချာဖို့ အတွက် အုပ်စု နောက်ဆုံးပွဲမှာ တမှတ် စွမ်းဆောင်ဖို့ လိုနေပါသေးတယ် ။

တဖက်မှာ နာမည်ကြီး အင်္ဂလန် ၊ ပြင်သစ်တို့ဟာလည်း အုပ်စု အဖွင့်ပွဲမှာ ရမှတ် ၃မှတ် ကိုယ်စီ စုဆောင်းနိုင်ခဲ့ပေမယ့် ၊ အားရစရာ စွမ်းဆောင်ရည်တွေတော့ မပြသနိုင်ခဲ့ပါဘူး ။ ယနေ့ညမှာတော့ အင်္ဂလန်ဟာ ပြီးခဲ့တဲ့ ယူရို ဆီမီးဖိုင်နယ်မှာ တွေ့ခဲ့တဲ့ ဒိန်းမတ်နဲ့ ထိပ်တိုက် ရင်ဆိုင်သွားဖို့ ရှိပါတယ် ။
ချဲလ်ဆီးနဲ့ အင်္ဂလန် ဂန္တဝင် ဘယ်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်ကတော့ ခြေစွမ်း ထက်နေတဲ့ ဂျာမနီကို ကျော်ပြီး အင်္ဂလန်ကို ဗိုလ်စွဲဖို့ ရွေးချယ်ခဲ့ပေမယ့် ၊ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်ကပဲ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလို့ ယုံကြည်ထားပါတယ် ။
beIN Sport နဲ့ တွေ့ဆုံခဲ့ရာမှာ အက်ရှ်လေကိုးလ် က ” သေချာတာပေါ့ ။ အင်္ဂလန် ဗိုလ်စွဲဖို့ ကျွန်တော် ယုံကြည်ပါတယ် ။ ဂျာမနီထက်စာရင် အင်္ဂလန်က ကျွန်တော့ အတွက် ဗိုလ်စွဲနိုင်ခြေ ပိုများပါတယ် ။ ကျွန်တော့ အမြင်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးက ပြင်သစ်ပါပဲ ။ ဒါပေမယ့် အုပ်စု အဖွင့်ပွဲမှာ သူတို့ရဲ့ ခြေစွမ်းကို ကြည့်ရင် ဒီပြိုင်ပွဲဟာ ဗိုလ်စွဲဖို့ ဘယ်တော့မှ မလွယ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ၊ မေဂျာ ပြိုင်ပွဲ တချို့မှာ အခြေအနေ မဟန်ခဲ့တဲ့ ဂျာမနီရဲ့ ယခု တကြိမ် အပြောင်းအလဲ အပေါ် အက်ရှ်လေကိုးလ်က ချီးကျူးရင်း ၊ အုပ်စု အဖွင့်ပွဲမှာ ခရိုအေးရှားကို ၃ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ စပိန်ရဲ့ ကစားပုံကိုလည်း နှစ်သက်ကြောင်း ဖွင့်ဟလာပါတယ် ။
ကိုးလ် က ” ဒီကစားသမား အစုအဖွဲ့နဲ့ သူတို့ လုပ်ပြခဲ့တာ ၊ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာတုန်းက သူတို့ရဲ့ စမ်းသပ်မှု ကျရှုံးခဲ့ပါတယ် ။ အခုတကြိမ်မှာတော့ သူတို့ဟာ ပိုပြီး ငယ်ရွယ်တဲ့ ၊ စိတ်ဆန္ဒပြင်းပြတဲ့ ၊ အပြေးအား ကောင်းတဲ့ ကြံ့ခိုင်မှု အသားပေး ကစားသမားတွေကို ရွေးချယ်လာပါတယ် ။ ”
” ဘောလုံးနောက် လိုက်လုဖို့ လိုအပ်တဲ့အခါ သူတို့ဟာ မာမာထန်ထန် ရှိသလို ၊ ဘောလုံး ကိုင်ပြီးလည်း ကစားနိုင်ပါတယ် ။ အသက်ကြီးရင့်နေပြီ ဖြစ်တဲ့ ကစားသမား အနည်းငယ်လည်း သူတို့မှာ ရှိပေမယ့် ၊ တဦးချင်း စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမား အများကြီး သူတို့မှာ ရှိနေပါတယ် ။ ”

” ဒီတော့ ဂျာမနီဟာ ဒီပြိုင်ပွဲမှာ ဘာကြောင့် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း တသင်း ဖြစ်နေလဲ ဆိုတာ ကျွန်တော် နားလည်ပါတယ် ။ ဒါပေမယ့် ကျွန်တော် စပိန်ရဲ့ ကစားပုံကို ကြည့်ရတာကိုလည်း သဘောကျနှစ်သက်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR