Sports Myanmar

ဒိန်းမတ်နဲ့ပွဲစဉ်မှာ အင်္ဂလန်စတားဟာ အလုပ်မဖြစ်ဘူးဆိုတာ ပြသသွားခဲ့တယ်လို့ ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

 

ရွိုင်ကိန်းက အလက်ဇန်းဒါးအာနိုးကို ကွင်းလယ်ပိုင်းမှာ စမ်းသပ် အသုံးပြုခဲ့တာဟာ မအောင်မြင်ခဲ့ဘူးလို့ အခိုင်အမာဆိုလိုက်ပြီး အင်္ဂလန်စတားဟာ ဒိန်းမတ်နဲ့ပွဲစဉ်မှာ ဒါကို သက်သေပြသွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အင်္ဂလန်ဟာ မနေ့ညက ဒိန်းမတ်နဲ့ပွဲစဉ်မှာ ဆိုးဆိုးရွားရွား ကစားကာ သရေကျခဲ့ပါတယ်။

ကစားသမား တစ်ချို့သာ ဝေဖန်မခံခဲ့ရတာ ဖြစ်ပြီး အလက်ဇန်းဒါးအာနိုး ကတော့ နောက်တစ်ကြိမ် ကွင်းလယ်ပိုင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ လီဗာပူး ညာနောက်ခံလူဟာ အသင်းဖော်တွေထက် အခွင့်အရေး ဖန်တီးမှု ပိုများခဲ့ပေမယ့်လည်း ခြေစွမ်းမပြနိုင်တာကြောင့် ၅၄ မိနစ်မှာ ဂါလေဂါနဲ့ လူစားလဲခံခဲ့ရပါတယ်။

ဒိန်းမတ်နဲ့ ပွဲစဉ် အပြီးမှာ ရွိုင်ကိန်းက “၂ ပွဲဆက်တိုက် လူစားလဲခံခဲ့ရတာ ကတော့ သိပ်ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ ကလပ် အသင်းမှာ အပတ်တိုင်း ဒီနေရာမှာ မကစားတဲ့သူကို ကွင်းလယ်ပိုင်းမှာ ထားကစားတာဟာ ကြီးမားတဲ့ စွန့်စားမှုလို့ ကျနော် ထင်ပါတယ်။ သူဟာ လီဗာပူးမှာ ညာခြမ်းကနေ အတွင်းကို ဝင်ပြီး ကစားတယ်ဆိုပြီး လူတွေ ပြောလိမ့်မယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ညာနောက်ခံလူ နေရာကနေ ကွင်းလယ်ကို ဝင်ကစားတာနဲ့ အဲဒီနေရာမှာ ပွဲထွက် ကစားတာဟာ လုံးဝကို ခြားနားပါတယ်။

ကျနော်လည်း ကွင်းလယ်မှာ ကစားခဲ့တာပါ။ ဒါဟာ ခက်ခဲတဲ့ နေရာ ဖြစ်ပါတယ်။ ကြံ့ခိုင်မှုပိုင်းကောင်းပြီး နေရာယူတဲ့ အကွာအဝေးတွေ မှန်ကန်ဖို့ လိုပါတယ်။ သူဟာ ဒီနှစ်ပွဲမှာတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါဟာ သူ့အပေါ်ချည်းပဲ မမူတည်ပါဘူး။ ဆောက်ဂိတ်နဲ့လည်း သက်ဆိုင်ပါတယ်။ ညာနောက်ခံလူကို ကွင်းလယ်ပိုင်းမှာ ဝင်ကစားစေတာဟာ ကြီးမားတဲ့ စွန့်စားမှု ဖြစ်ပါတယ်။

ဒီနှစ်သင်းကို အင်္ဂလန်တို့ သက်တောင့်သက်သာနဲ့ ကစားကာ ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ဖိကစားနိုင်လိမ့်မယ်လို့ လူတော်တော်များများ ထင်ထားခဲ့တာပါ။ ထရန့်ကို ကွင်းလယ်မှာ ဝင်ကစားခိုင်းတာဟာ ကြီးမားတဲ့ တောင်းဆိုမှု ဖြစ်ပြီး သူကတော့ ပုံစံကောင်း မပြသနိုင်ခဲ့ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ကိန်းက “ထရန့်ဟာ ဘောလုံးကိုင်ကစားတာ သက်တောင့်သက်သာ ရှိကာ သူ့ကို အချိန်ပေးမယ်ဆိုရင် သူဟာ ဘယ်ကို ပို့ရမလဲဆိုတာ အကွက်မြင်ပါတယ်။ ဒါကတော့ သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် distance ပိုင်း မှာတော့ လိုအပ်ချက်တွေ ရှိနေပါတယ်။ ရိုက်ကတော့ ကွင်းလယ်ပိုင်းမှာ ကလေးထိန်းနေသလို ခံစားနေရမှာပါ။ ဒီ level မှာ ဒီလို မရပါဘူး။ ကွက်ကွက်ကွင်းကွင်း ပေါ်နေမှာပါ။ ထရန့်လည်း ဒီလို ဖြစ်ခဲ့ပါတယ်။”

မူရင်းသတင်း — Sports Myanmar