Sports Myanmar

ပြီးခဲ့တဲ့ ရာသီတုန်းက စတား ၃ဦးကို ရောင်းချခဲ့ခြင်း အတွက် ချဲလ်ဆီး ပိုင်ရှင်တွေ အပေါ် ဝေဖန် အပြစ်တင်သွားတဲ့ ဇိုလာ

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်း အပြောင်းအလဲ မြောက်မြားစွာ လုပ်ခဲ့ကာ ၊ ရှိရင်းစွဲ ကစားသမား အများအပြားကို အသင်းက ထွက်ခွာခွင့် ပေးခဲ့သလို ၊ တန်ကြေးမြင့် အပြောင်းအရွှေ့ တချို့နဲ့ တက်သစ်စ လူငယ် ကြယ်ပွင့် များစွာကိုလည်း ခေါ်ယူခဲ့ပါတယ် ။

ချဲလ်ဆီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ဂျီယန်ဖရန်ကို ဇိုလာကတော့ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေဟာ ပြီးခဲ့တဲ့ ၂နှစ် အတွင်း ကျောရိုးတိုင် ကစားသမား ၃ဦး ဖြစ်တဲ့ ဂျော်ဂျင်ညို ၊ ကိုင်ဟာဗက်ဇ်နဲ့ မတ်တီယို ကိုဗာဆစ်တို့ကို ပြိုင်ဖက်တွေထံ ရောင်းချခဲ့ပြီး ၊ ဒါဟာ အသင်းကို ကြီးကြီးမားမား လှုပ်ခတ်မှု ဖြစ်စေတယ်လို့ ဝေဖန်သွားပါတယ် ။

LadBrokes နဲ့ တွေ့ဆုံခဲ့ရာမှာ ဇိုလာ က ” ချဲလ်ဆီးဟာ မနှစ်က ခက်ခဲတဲ့ ဘောလုံး ရာသီ တခု ဖြတ်သန်းခဲ့ရပါတယ် ။ အထူးသဖြင့် ရာသီ အစပိုင်းမှာပေါ့ ။ သူတို့ဟာ အတွေ့အကြုံရင့် ကစားသမားတွေ ဖြစ်ကြတဲ့ ဂျော်ဂျင်ညို ၊ ဟာဗက်ဇ်နဲ့ ကိုဗာဆစ်တို့ကို လက်လွှတ်ခဲ့ရပြီး ၊ သူတို့ နေရာမှာ လူငယ် ကစားသမား အများကြီးနဲ့ အစားထိုးခဲ့ပါတယ် ။ ”

” သူတို့ဟာ အသင်းရဲ့ အသက် ဝိညာဉ်တွေ ၊ ခေါင်းဆောင်းတွေကို ဆုံးရှုံးခဲ့ရတာပါ ။ ဒီတော့ ကစားသမားသစ်တွေ အထိုင်ကျဖို့ အချိန်ယူရဦးမှာပါ ။ ဒါပေမယ့် ရာသီကုန်ခါနီးမှာ ပိုချက်တီနိုဟာ အလုပ်ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပါတယ် ။ တော်တော် အဆင်ပြေပြေကို အလုပ်ဖြစ်ခဲ့တာပါ ။

” သူ အသင်းက ထွက်သွားတာကို မြင်ရတာက အရမ်း အံ့သြစရာကောင်းခဲ့ပါတယ် ။ အကြောင်းပြချက် အပြည့်အစုံကို ကျွန်တော် မသိရပေမယ့် ၊ ပရိသတ် တယောက်ရဲ့ အမြင်က ကြည့်ရင်တော့ ကျွန်တော် တကယ် စိတ်ပျက်ခဲ့မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီး ပိုင်ရှင်တွေဟာ ပြီးခဲ့တဲ့ ရာသီ မစတင်ခင်မှာ ၂နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တဲ့ အာဂျင်တိုင်းသား နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကို သဘောထား မတိုက်ဆိုင်မှုတွေကြောင်း နားလည်မှုနဲ့ ထွက်ခွာခွင့် ပေးခဲ့ကာ ၊ လက်စတာကနေ အီတလီလူမျိုး နည်းပြ အန်ဇို မာရက်စ်ကာကို နှစ်ရှည်စာချုပ်နဲ့ နည်းပြသစ် အဖြစ် ခေါ်ယူခန့်အပ်ထားပါတယ် ။

ဒါနဲ့ ပတ်သက်ပြီးလည်း ဇိုလာ က ” အန်ဇို မာရက်စ်ကာဟာ ကြီးမားတဲ့ အလုပ် တခု လုပ်ပြရပါမယ် ။ သူဟာ ကိုယ်လုပ်ပြချင်တာတွေ အတွက် သူ့နောက်မှာ ကစားသမားတွေ ရှိနေစေဖို့ လိုပါမယ် ။ သူ့နောက်မှာ ပရိသတ်တွေ ရှိနေဖို့ လိုပါမယ် ။ ဒါက ကြီးမားတဲ့ တာဝန် တရပ် ဖြစ်လာပါလိမ့်မယ် ။ ”

” လက်စတာ ကစားတာ ကျွန်တော် တွေ့ဖူးပါတယ် ။ သူတို့ကို ဒီလိုမျိုး ကစားနိုင်အောင် သူ စွမ်းဆောင်ပေးထားတာကို ကျွန်တော် အထင်ကြီးမိပါတယ် ။ ဒီတော့ သူ့မှာ အရည်အချင်းတွေ ရှိတာ ကျွန်တော် သိသလို ၊ ဒါတွေထက် အီတလီသား ဖြစ်နေတာကလည်း အပေါင်းလက္ခဏာ ဆောင်တာပါပဲ ။ ”

” ဒါပေမယ့် သူ့ကို နည်းပြသစ် ခန့်လိုက်တဲ့ အပေါ် ကျွန်တော် အံ့သြခဲ့မိပါတယ် ။ ပထမဆုံး အနေနဲ့ ပိုချက်တီနို ထွက်လိမ့်မယ်လို့ ကျွန်တော် မတွေးခဲ့မိပါဘူး ။ နောက်ပြီး သူဟာ ကျွန်တော်တို့ မသိလောက်တဲ့ မန်နေဂျာ နာမည်တွေထဲက တခု ဖြစ်နေလို့ပါပဲ ။ ”

” ကျွန်တော့ကို အထင်မလွဲပါနဲ့ ။ သူ့ရဲ့ အရည်အသွေးတွေ အကြောင်း ကျွန်တော် သိပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပိုပြီး အတွေ့အကြုံရင့်တဲ့ ၊ profile ပိုမြင့်တဲ့ မန်နေဂျာ တယောက်ယောက်ကို မျှော်မှန်းထားခဲ့ကြတာပါ ။ ချဲလ်ဆီးလို မျှော်မှန်းချက် အရမ်း ကြီးမားလွန်းတဲ့ ကလပ် တသင်းကို သူ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar